" အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်ခံနိုင်ဖို့ သိပ်အရေးကြီးတယ်။ စိတ်ချမ်းသာအောင် ကိုယ့်ကိုယ်ကို လှည့်စားတာတွေ သူတပါးကို လှည့်စားတာတွေ ရှိတယ်။ အဲဒီလို လှည့်စားလာဟာ စိတ်ထဲမှာ ပဋိပက္ခ ဖြစ်စေတယ်။ ပဋိပက္ခဟာ စိတ်ဓာတ် အင်အားကို ကုန်ခန်းစေတယ်။ လှည့်စားမှု ထဲမှာပဲ အင်အား တော်တော်များများ ကုန်သွားပြီး၊ အသိအမြင် ရှင်းလင်းမှု လွတ်လပ်မှုရဖို့ အရေးမှာ သုံးစရာ အင်အား မကျန်တော့ဘူး။ အမှန်ကို လက်ခံဖို့ ကိုယ့်ကိုယ်ကို မညာဖို့ ရိုးသားမှုရှိဖို့ လိုတယ်။ ရိုးသားမှုရှိမှ အသိဥာဏ်ပွင့်မယ် " ။
အထက်ပါ စာပိုဒ်လေး ကတော့ သတိ ဆိုတဲ့နေအိမ်ရယ်၊ အပျော်ဆုံးလူရယ်၊ ဗုဒ္ဓရင်ခွင်မှာ ဆိုတဲ့ တရားသုံးပုဒ်ကို စုပေါင်း ထုတ်ဝေခဲ့တဲ့ မဟာမြိုင် ဆရာတော် ဦးဇောတိကရဲ့ တရားစာအုပ်ထဲက ဗုဒ္ဓရင်ခွင်ဆိုတဲ့ တရားတော်ထဲက စာပိုဒ်လေး တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခါက စာရေးသူ တစ်ယောက်က ရေးထားတာ ဖတ်ဖူးပါတယ်၊ သိပ်ကောင်းတဲ့ စာအုပ်ကို ဖတ်ရတဲ့အခါမှာ ပြီးသွားမှာ စိုးတာကြောင့် စာကို ဖြေးဖြေးပဲ ဖတ်တယ်တဲ့။ သူ့အဆိုကိုဖတ်ရတော့ စာရေးသူနဲ့ သဘော တိုက်ဆိုင်တာကြောင့် နှစ်ခြိုက်မိပါတယ်။ စာရေးသူကတော့ ကိုယ်သဘောကျတဲ့ စာတစ်ပိုဒ်ကို ဖတ်လိုက်ရတဲ့အခါမှာ စာကို ရှေ့ဆက်ပြီး မဖတ်နိုင်တော့ပဲ ကိုသဘောကျတဲ့ စာပိုဒ်ကို အနုလုံပဋိလုံ အပြန်ပြန် အလှန်လှန် စဉ်းစား ဆင်ခြင်မိပါတယ်။
ဆရာတော် ဦးဇောတိကရဲ့ အထက်ပါ တရားတော်ထဲက စကားလေးကို ဖတ်ရတဲ့ အခါမှာလဲ စာကို ရှေ့ဆက် မဖက်နိုင်အောင်ပဲ ဖြစ်ရပါတယ်။ ဒီစကားလေး အပေါ်မှာလည်း အပြန်ပြန် အလှန်လှန် စဉ်းစားနေမိပါတယ်။ သဘောကျမိရင်း သဘောကျရင်းနဲ့ သဘောကျ မဆုံးနိုင်အောင်လည်း ဖြစ်ရပါသေးတယ်။ ပထမ စာကြောင်းဖြစ်တဲ့ အမှန်တကယ် ဖြစ်နေတာ တွေကို အမှန်အတိုင်း လက်ခံဖို့ သိပ်အရေးကြီးပါတယ် ဆိုတာကပဲ အဓိပ္ပါယ် ကျယ်ပြန့်လှကြောင်း တွေ့ရပါမယ်။
ရိုးသားမှုရဲ့ ခိုင်းနှိုင်းဖွယ်မရှိတဲ့ အတုမဲ့ ဂုဏ်ရည်တွေကို နေရာ တော်တော်များများမှာ လူအတော်များများဆီက မကြာမကြာ ကြားရတာကြောင့် စာရေးသူတို့ အနေနဲ့ နားရေ ၀နေပါပြီ။ ရိုးသားခြင်းဆိုတာ မြင့်မြတ်တဲ့ အရာတစ်ခု ဖြစ်တယ် ဆိုတာကိုလဲ စာရေးသူတို့ ကိုယ်တိုင် ယုံကြည် လက်ခံကြပါတယ်။ စာရေးသူတို့ ကိုယ်တိုင်လည်းပဲ ရိုးသားခြင်း ဂုဏ်ရည်ကို ပိုင်ဆိုင်သူအဖြစ် အများတကာရဲ့ အသိအမှတ်ပြုမှုကို ရယူ ပိုင်ဆိုင်လိုတက်ကြစမြဲပါပဲ။ ရိုးသားခြင်းဂုဏ်ကို မမြတ်နိုးသူရယ်လို့ ရှိနိုင်မယ်တောင် မထင်ပါဘူး။ အလွန်တရာ ကောက်ကျစ် ယုတ်မာ သူတစ်ယောက် ဖြစ်နေဦးတောင်မှပဲ ရိုးသားမှုဂုဏ်ကိုတော့ မြတ်နိုးမှာအမှန်ပါပဲ။ ကိုယ်ကိုယ်တိုင် မရိုးသားသည့်တိုင် ကိုနဲ့ ပေါင်းသင်း ဆက်ဆံရတဲ့ သူများကိုတော့ ယုံကြည်ရတဲ့သူများ၊ ရိုးသားသူများသာ ဖြစ်စေခြင်တဲ့ ဆန္ဒဟာ ရိုးသားမှုကို လူတိုင်း မြတ်နိုးတယ်ဆိုတဲ့ စကားအတွက် ခိုင်မာတဲ့ သက်သေကောင်း တစ်ခုပဲဖြစ်ပါတယ်။
ရိုးသားခြင်းဂုဏ်ကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်ဖို့အတွက် ဆိုရင်တော့ အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်ခံဖို့ လိုပါလိမ့်မယ်။ အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်မခံပဲနဲ့တော့ ရိုးသားသူ တစ်ယောက် ဘယ်နည်းနဲ့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အမှန်အတိုင်း လက်မခံနိုင်သူ တစ်ယောက်ရဲ့ နှုတ်က ထွက်လာတဲ့ ရိုးသားဟန် နှုတ်ထွက်စကားကားနဲ့ လုပ်ရပ်များဟာလဲ အယောင်ဆောင်ဟန်ပြ အတုအယောင်များသာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ အမှန်အတိုင်း လက်ခံနိုင်ဖို့ ဆိုတာကလဲ အပြော လွယ်သလောက် လက်တွေ့ပိုင်းမှာ ခက်ခဲလှပါတယ်။ စိတ်အားသတ္တိ ပျော့ညံ့သူတို့ အနေနဲ့ဆိုရင် လိုက်နာနိုင်ဖို့ အင်မတန် ခဲယဉ်းမှာပါ။ ခဲယဉ်းပေမယ့်လဲ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုအတွက် နည်းမှန်လမ်းမှန် ကြိုးစားယူရင် ရနိုင်သလို စိတ်အားသတ္တိ ဖွံ့ဖြိုးတိုးတက်မှု အတွက်လဲ နည်းမှန်လမ်းမှန် ကြိုးစား အားထုတ်ယူရင် ရနိုင်ပါတယ်၊ တကယ်တော့ စာရေးသူတို့တစ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အချိန်ပေး လေ့လာအားထုတ်မှု နည်းတာကြောင့် စိတ်အား သတ္တိများကလည်း ဖွံ့ဖြိုးတိုးတက်မှု နည်းပါးရခြင်းပဲ ဖြစ်ပါတယ်။ စိတ်အားသတ္တိဖွံ့ဖြိုးတိုးတက်မှု အတွက် အကောင်းဆုံး နည်းကတော့ စိတ် အခြေအနေအမှန်ကို နားလည်အောင် ကြိုးစားခြင်းပဲဖြစ်ပါတယ်။ စိတ်အခြေအနေအမှန်ကို နားလည်ဖို့အတွက် စိတ်ကို လေ့လာအကဲခက်ဖို့ လိုပါလိမ့်မယ်။
စာရေးသူတို့တတွေအနေနဲ့ ကိုယ့်စိတ် အခြေအနေအမှန်ကို နားလည်အောင် ကြိုးစားမှုပြု လုပ်လေ့ နည်းတာကြောင့် စာရေးသူတို့စိတ်အပေါ် ကျရောက်လေ့ရှိတဲ့ ဘေးအန္တရာယ် များကိုလဲ မသိမြင်နိုင်ကျပါဘူး။ ဘေးအန္တရာယ်များ ကျရောက်နေတာကို မသိတဲ့အတွက် ကုစားဖို့ ဆိုတာလည်း မသိပြန်ပါဘူး။ ကြိုတင်ကာကွယ်နည်းနဲ့ ကုစားသူ ဆိုတာကတော့ အတော်ပဲ နည်းပါးပါတယ်။ အဲဒီလိုဘေးအန္တရာယ်များကို ကုစားမှုမပြုခြင်း၊ ကြိုတင်ကာကွယ်မှု မပြုခြင်းကြောင့် ဒဏ်ရာ အနာတရများနဲ့ ညစ်ထေး နေတဲ့စိတ်ဟာ ခံနိုင်ရည်စွမ်းရည်နဲ့ ထက်မြက်မှု သတ္တိအင်အားတို့ နည်းပါးလေမှာ အမှန်ပဲ။ စိတ်အားသတ္တိ နည်းပါးနေလျင်လည်း လူတစ်ယောက်အတွက် မရှိမဖြစ်တဲ့ စားဝတ်နေရေး အရေးသုံးပါးကြောင့်ဖြစ်စေ၊ အခြားအခြားသော အခြံအရံ လိုအပ်ချက်တစ်ခုခုကြောင့်ဖြစ်စေ၊ အခြေအနေတစ်ခုက တောင်းဆို လာတဲ့အခါမှာ အဲဒီလို လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရိုးသားမှု ဂုဏ်သိက္ခာကို အလွယ်တစ်ကူ စွန့်လွှတ်တက်ကျပါတယ်။
အထူးသဖြင့်တော့ လူ့ပတ်ဝန်းကျင်က ပြဌာန်း သက်မှတ်ထားတဲ့ အနှစ်မဲ့ ဂုဏ်သိက္ခာကို ရယူ ပိုင်ဆိုင်နိုင်ဖို့ အတွက် သဘာဝက သတ်မှတ်ထားတဲ့ တကယ့် အစစ်အမှန် အနှစ်ပြည့် ဂုဏ်သိက္ခာများနဲ့ အလွယ်တကူ လဲလှယ် အစားထိုးကြခြင်းပဲ ဖြစ်ပါတယ်။ တစ်ဖက်က သက်မှတ်ချက် ဂုဏ်သိက္ခာများ တောက်ပြောင်လာလေ တစ်ဖက်မှာတော့ စစ်မှန်တဲ့ သဘာဝ ဂုဏ်သိက္ခာများ ဆုတ်ယုတ်ညစ်နွမ်းလေ ဖြစ်ရတာတော့ အလွန်မှပဲ ၀မ်းနည်းဖွယ် ကောင်းလှပါတယ်။ ပုဂ္ဂိုတစ်ယောက်မှာ အစစ်အမှန် ဂုဏ် အရေအသွေးများ နည်းပါးလာတာနဲ့အမျှ အမှန်တကယ် ဖြစ်နေတာကို အမှန်အတိုင်း လက်ခံဖို့ ဖြစ်နိုင်ချေ နည်းပါးသွားပါတော့တယ်။ အဖြစ်အမှန်တွေကို အမှန်အတိုင်း လက်မခံနိုင်သူ တစ်ယောက် ဖြစ်လာတာနဲ့ အမှန်တရား ကြောက်ရွံ့မှုစိတ်များကလည်း တပါတည်း ပူးတွဲ ပါဝင်လာပါတော့တယ်။ ကြောက်ရွံ့သူတစ်ယောက်ဟာ အားကိုးရာ ပုန်းခိုရာ ရှာဖွေ တတ်တာကလည်း သဘာဝပဲ ဖြစ်ပါတယ်။ အားကိုးရာကို ရှာဖွေရာမှာ ကိုယ့်အားကိုကိုး မှီခိုရမည့်သူရဲ့ အများအပေါ် တရားမှုမတရားမှု ၊ (သို့မဟုတ်) ရိုးသားဖြောင့်မတ် တည်ကြည်မှု ရှိမရှိကိုပင် ဂရုပြုမနေနိုင်တော့ပဲ ကိုယ့်အတွက် အကျိုးအမြတ်ရ နိုင်မှု မရနိုင်မှုလောက်ကိုပဲ ကြည့်ရှု့တတ် ကြပါတယ်။
ပုန်းခိုရာကို ရှာရာမှာလည်း ကိုယ့်ကိုယ်ကို ဖုံးကာနိုင်တဲ့ လုံခြုံရာ တစ်ခုခုကို ရှာဖွေနိုင်ခြင်းနဲ့ ကြည့်တတ်သူများ မမြင်နိုင်အောင် အမြင်အာရုံများ မှုန်ဝါးသွားအောင် ပြုလုပ်ခြင်း စတဲ့ နည်းမျိုးစုံ အသုံးပြုလာတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ဖုံးကာနိုင်တဲ့ လုံခြုံရာ တစ်ခုခုကို ရှာဖွေရာမှာ သူတစ်ပါထံမှာ ရှိနေတဲ့ ဂုဏ်သိက္ခာအဖုံး အကာကို မတရားသောနည်းနဲ့ ရယူပြီး မိမိရဲ့ အကြောက်တရားကို ဖုံးကာဖို့ ကြိုးစားတတ်ပါသေးတယ်။ တစ်ချို့ကတော့ လုံခြုံနိုးနဲ့ အသာလေး ခေါင်းလျိုလို့ နေတတ်ပါတယ်။ ရန်သူမြင်မှာ စိုးတာကြောင့် သဲထဲကို ခေါင်းလျိုပြီး နေတတ်တဲ့ ကန္တာရနေ(ostrich) ငှက်ကုလားအုပ်လို ပုဂ္ဂိုလ် မျိုးတွေပေါ့။ ကိုယ်က အပြင်လောက ကိုမမြင်ရုံနဲ့ တစ်ပါးသူတွေ ကလည်း ကိုယ့်လိုပဲ မမြင်နိုင်လောက်ဘူးရယ်လို့ တွေးထင်ယူဆမိတဲ့ သဘောပါ။ နောက်ပြီး တစ်ပိုင်းတစ်စကို လုံအောင်ဖုံးကာနိုင်ပေမဲ့ ကျန်တဲ့အပိုင်းက လှစ်ဟပြထားသလို ဖြစ်နေတယ်ဆိုတာ ကိုတောင်မှ သတိမမူနိုင်တဲ့အထိ ဖြစ်သွားတတ် ပါသေးတယ်။
တစ်ချို့ကတော့ ကိုယ့်ကိုယ်ကို ပုန်းခိုရာမရှာပဲ တစ်ပါးသူများရဲ့ အမြင်အာရုံ ပြောင်းလဲ သွားအောင် အမြင်များ မှုန်ဝါးဝေသီ သွားအောင် မတရားနည်းနဲ့ ဖန်တီး ပြုလုပ်တတ်ပါတယ်။ တစ်ပါသူးများရဲ့ စွမ်းအားအမှန်တွေကို မတရားနည်းနဲ့ ချိနဲ့သွားအောင် လုပ်ကတည်းကိုက အမှန်တရားဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ စွမ်းအားသတ္တိ ခိုင်မာသူတို့ တစ်နည်းအားဖြင့် ကိုယ့်ခံစွမ်းအား ကောင်းသူတို့က အမှန်တရားနဲ့ တစ်သားတည်း ဖြစ်နေတာကြောင့် အမြင်စွမ်းအားများ ထက်သန်နေတယ်။ ကိုယ့်ရဲ့ ဖန်တီးလှုံ့ဆော် ပြောင်းလွဲစေမှုများ အရာမထင် ဖြစ်နေတယ်ဆိုရင် ကိုယ့်အလိုကျ မဖြစ်ရကောင်းလားလို့ မလိုစိတ်ထား ဖြစ်တတ်ပါတယ်။ ဒီအခါမှာ ဆန့်ကျင်ဖက် ပဋိပက္ခတရားဟာ အထင်အရှားပေါ်လာတတ်ပါတယ် ။
ပဋိပက္ခ ဖြစ်လာတာနဲ့ ကိုယ့်နဲ့အယူအဆ မတူသူကအမှား ကိုယ့်ဖက်တရားက အမှန်ရယ်လို့ ဘက်မမျှတဲ့ စိတ်ထားများလည်း ပေါ်ပေါက်လာပါတယ် ။ တစ်ဆင့်တက်လို့ ကိုယ့်ဘက်တရားက အမှန်ဆိုတာ သက်သေထူဖို့ ကြိုးသားပါတော့တယ်။ သက်သေထူဖို့ ကြိုးစားရာမှာလည်း ကိုယ်ဖြစ်စေချင်တဲ့ ကိုယ့်လိုအင်ဆန္ဒကို ထောက်ကူပေးမယ့် ပုဂ္ဂိုလ်မျိုးနဲ့ ကိုယ့်အယူအဆနဲ့ ညီမျှတဲ့ တရားမျိုးတွေကိုသာ သက်သေအဖြစ် ခေါ်ယူတာမို့ ကိုယ့်ရဲ့ အယူအဆတရားသာ အမှန်ဆိုတဲ့ သဘောဟာ ခိုင်မာသထက် ခိုင်မာစေပါတော့တယ် ။ ဒီအချိန်မှာတော့ လှည့်စားမှုတရားများကလည်း အထွဋ်အထိပ်ကို ရောက်ရှိလာပါတော့တယ်။ အစပထမမှာတော့ ပတ်ဝန်းကျင် အများအပေါ်လှည့်စားပြီး တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုပါ မသိမသာ ပြန်လည်လှည့်စားလာပါတော့တယ်။
သူတစ်ပါးကို လှည့်စားခြင်းဟာ အလွယ်တကူပြေပျောက်နိုင်ပေမဲ့ ကိုယ့်ကိုယ်ကို လှည့်စားမှုကတော့ လွယ်လင့်တကူ ပြေပျောက်ဖို့ ခဲယဉ်းပါတယ်။ ကိုယ့်ကိုယ်ကို ဆင်ခြေအမျိုးမျိုး ပေးပြီးလည်း နေတတ်ပါတယ်။ ဘယ်လောက်အထိ ဖြစ်လာနိုင်သလဲဆိုရင် အမှန်တရား အရိပ်အယောင်လမ်းစကို တွေ့ရတာတောင် မထူးတော့ပါဘူးလေ ဆိုတဲ့ မထူးဇာတ်ခင်းတဲ့ အနေအထားအထိ ဖြစ်သွားတတ်ပါတယ်။ ဒီအခြေအနေမှတော့ `ဆေးကုလို့ မရပါ ´ ဆိုတဲ့ အနေအထားမျိုးမို့ မဖောက်ပြန်တဲ့ လောကနိယာမအရ သဘာဝတရားရဲ့ ပြတ်သားစွာဒဏ်ခတ်မှုကို မလွဲမသွေ ခံရပါလိမ့်မယ်။
အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်းလက်မခံ နိုင်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကတော့ ပြော၍ ကုန်နိုင်ဖွယ် မရှိသလို အလွန်မှလည်း ကြောက်ရွံထိတ်လန့် ဖွယ် ကောင်းလှတာကို မကြာခဏဆိုသလို စဉ်းစားနေမိ တတ်ပါတယ်။ ( အရှင်ဥာဏိကာဘိသ )