အတွေးမှတ်စုများ (၂၃)
Posted by ADMIN in အတွေးမှတ်စုများ
- ဘုရားသခင်.. ကျေးဇူးပြုပြီး ၂၄ နာရီ = ၁ ရက် နဲ့ loop ပတ်ထားတဲ့ program ကို ပြန်ပြင်ပေးပါ။ တစ်ရက်ကို ၂၄ နာရီနဲ့ ဘယ်လိုမှ လောက်အောင်သုံးဖို့ မဖြစ်နိုင်ပါဘူး။
- လက်ဆိုသည်မှာ တစ်ဖက်ချင်း သီးခြားဆိုလျှင် တစ်ဖက်က နောက်တစ်ဖက်ကို ဆေးကြောပေးဖို့သာ တတ်နိုင်သည်။ နှစ်ဖက်ပေါင်းမိသည့်အခါ မျက်နှာပါ သစ်လို့ရသည်။
- လူသည် မျှော်လင့်ချက်နဲ့ အသက်ရှင်နေသည့် သတ္တဝါ။ မျှော်လင့်ချက်ဆိုတာ လူသားအားလုံးအတွက် ကမ္ဘာလောကကြီးကပေးထားသည့် တန်ဖိုးအရှိဆုံးအရာ။
- ကျားနှင့် လွန်ဆွဲတမ်း ကစားချိန်မှာ ကိုယ့်ဘက်က ရှုံးစပြုပြီဆိုတာနဲ့ ကြိုးကို ချက်ချင်းလွှတ်လိုက်ပါ။ ကြိုးကအသစ်ဝယ်လို့ရသည်၊ ကြိုးကိုနှမျှောပြီးဆက်ဆွဲနေပါက ကျားပါးစပ်ထဲသို့ ရောက်သွားလိမ့်မည်။
- တစ်ခါတစ်ရံတွင် ဥာဏ်နီဥာဏ်နက်က ခွန်အားဗလထက် ပို၍ တန်ဖိုးရှိသည်။
- သစ်ပင်တောတောင်များကို အကြောင်းပြုပြီး အရောင်ပြောင်းတတ်သေးလျှင် တချို့သော ယောင်္ကျားကောင်းတို့သည်လည်း အကျင့်ယုတ်သည့် လူများနှင့်တွေ့ပါက စိတ်ရိုင်းဝင်သွားခြင်းများ ရှိလိမ့်မည်။
- ရန်သူမှန်လျှင် အသေးအမွှား ဟူ၍မရှိ။
- ရေနစ်သေဖို့ သေချာနေပါက အိုင်ကွက်ငယ်လေးကို မရွေးချယ်သင့်။
- အဝင်ဆိုးတဲ့ ဆေးမှန်လျှင် မြန်မြန်သာမျိုချလိုက်ပါ။
- သင့်အား အသေမချေမှုန်းနိုင်သောအရာသည် သင့်အတွက် ခွန်အားကို ပေးလိမ့်မည်။ ကောင်းကျိုး တစ်စုံတစ်ရာ သယ်ဆောင်မလာသော မကောင်းသောအရာဟူ၍မရှိ။
- လောကကြီးမှာ လွယ်ကူတဲ့အလုပ်ရယ်လို့မရှိပါ။ အားလုံး ခက်တာချည်း။ လူ့ဘဝကြီး ဆိုတာလည်း ဒီအတိုင်းပင်။ ကိုယ့်ကို တတ်တယ် တော်တယ် အထင်ခံရရုံသက်သက်အတွက် ကျွန်ုပ်တို့တွင် ရှိသော စွမ်းအားတွေ၊ အရည်အသွေးတွေအားလုံး သူများကို တိုက်ခိုက်ဖြိုဖျက်တဲ့ အလုပ်ထဲမှာ ပုံအောမည့်အစား၊ တစ်ယောက်ကို တစ်ယောက် အကောင်းဆုံး အနေအထားရောက်အောင် မြှင့်တင်တဲ့အလုပ်၊ အားပေးကူညီတဲ့အလုပ်မှာ သုံးကြရအောင်။
- အောင်မြင်ရေးအတွက် အဓိကအကျဆုံး အရည်အချင်းသည် ပြဿနာတိုင်းကို အရိုးရှင်းဆုံး ပုံစံနဲ့ ပေါ်လာအောင် ပြဿနာ၏ ကျောရိုးတွေကို ဆွဲထုတ်ပုံဖော်တတ်ဖို့ပင်။
- ကြေညက်အောင် ထွန်ယက်မထားတဲ့လယ်ကွက်တွင် ဘယ်တော့မှ သီးနှံကောင်းမထွက်ပါ။
- နေရာတကာမှာ အာကျယ်အာကျယ် မလုပ်ပါနှင့် ညောင်သံပေးလွန်းတဲ့ကြောင်၊ သားကောင် ရှာမရ ဖြစ်တတ်သည်။
- မိန်းမဆိုတာ မကောင်းတဲ့အလုပ်ကို အရင်က အချိန်အတိုင်းအတာ အသေးလေးတစ်ခု လုပ်ခဲ့ပြီး နောက်ထပ် လုံးဝမလုပ်တော့ရုံနဲ့ မိန်းမကောင်းပြန်မဖြစ်နိုင်။
- အနာဆိုးသာ ပြန်ကောင်းနိုင်သည်၊ နာမည်ဆိုးကတော့ ကိစ္စတုံး၏။
- အဝတ်အစား ခေတ်ရှေ့ပြေးဖို့က အရေးမကြီးဆုံး၊ အသိပညာ ခေတ်နောက်မကျဖို့က အရေးအကြီးဆုံး။
- ရွှေပုံပေါ်မှာ လူ့ဘဝအတွက် ဘာအဓိပ္ပါယ်မှမရှိဘူး။ လူဆိုတာ တွေးခေါ်ရတယ်၊ ဆင်ခြင်ရတယ် ပညာရပ်တစ်ခုခုမှာ အမြဲတမ်း သက်ဝင်နေရတယ်။ လူ့ဘဝကြီးအတွက်တစ်ခုခုကို ပေးဆပ်နေရတယ်။ အဲ့ဒါမှ လူဆိုတဲ့ အဓိပ္ပါယ်ကိုရောက်တာ။
- လောက၌ ထူးခြားတိုင်း အောင်မြင်သည်မဟုတ်၊ ထူးလိုသဖြင့် ရူးသွားကြသူတွေရှိသည်။
- ဘယ်လောက်အချိုးမကျသည့် အိုးဖြစ်ဖြစ် ဖုံးစရာ စလောင်းတစ်ခုတော့ ရှာတွေ့စမြဲပင်။
- အရိုးမှန်းသိလျှက်နဲ့ မျိုချသူသည် ကိုယ့်လည်ချောင်းကို အယုံကြည်လွန်းသူဖြစ်သည်။ လျှာမငြိမ်သည့်ဒဏ် လည်ပင်းက ခံရ၏။
- စာဖတ်ပါ။ စာကို နှစ်ရှည်လများ စနစ်တကျ ဖတ်ရှုလာသူသည် တက္ကသိုလ် ကောလိပ်မှာကဲ့သို့ ဘွဲ့လက်မှတ် တစ်စုံတစ်ရာ မရရှိသော်လည်း တက္ကသိုလ်၊ ကောလိပ်မှ ဘွဲ့ရလာသူထက်မက အသိဥာဏ်အမြင်နှင့် ဗဟုသုတတွေ ကြွယ်ဝကာ လူ့လောကနယ်ပယ်စုံ၌ ဦးဆောင်လှုပ်ရှားနိုင်သူတစ်ဦး ဖြစ်လာလိမ့်မည်။
- လောကကြီးတွင် လေ့လာဆည်းပူးစရာတွေ မကုန်နိုင်လောက်အောင် ရှိနေသည်။ မွေးစဉ်က ဘာပညာဗဟုသုတမှ မပါလာသော်လည်း သေသည်အထိ နာလပိန်းတုံးဘဝနှင့် နေသွားမည်ဆိုလျှင် အသုံးမကျဆုံး လူသားတစ်ဦး အလိုလိုဖြစ်သွားပေမည်။
- သင့်တော်မှန်ကန်သော စိတ်ထားနှင့် အပြုဘက်၊ အကောင်းဘက် ရှေးရှုသော အတွေးများရှိသည့်အခါ အောင်မြင်သောဘဝတစ်ခု တည်ဆောက်ရေးအတွက် ကျင့်ကြံဆောင်ရွက်စရာများကို သိလာ မြင်လာ လက်ခံလာနိုင်လိမ့်မည်။
- တရားအားထုတ်တဲ့ အကျင့်တစ်ခု ပုံမှန်လုပ်နိုင်အောင် ကြိုးစားကြည့်ပါ။ အကောင်း မြင်တတ်ခြင်း၊ သနားတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း၊ အရှိကို အရှိတိုင်း လက်ခံတတ်ခြင်း စသည့် အတတ်ပေါင်းများစွာ အလိုလိုတတ်မြောက်လာသလို ငြိမ်းချမ်းခြင်း၊ အေးမြခြင်းတွေကို မလွဲမသွေ ရရှိလာပါလိမ့်မည်။
6
comments »