Showing posts with label လူငယ်၊ ပညာရေး နှင့် မြန်မာနိုင်ငံ. Show all posts
Showing posts with label လူငယ်၊ ပညာရေး နှင့် မြန်မာနိုင်ငံ. Show all posts

စိမ်းလန်းမြေ ပရဟိတ စာသင်ကျောင်း  

Posted by Admin in , ,


စိမ်းလန်းမြေ ပရဟိတ အခမဲ့စာသင်ကျောင်း တည်ဆောက်မည့် အစီအစဉ်၏ ပထမဆုံးသော ခြေလှမ်းအဖြစ် (၂၀၁၂-၂၀၁၃) ပညာသင်နှစ်အတွက် မိတ္ထီလာ၊ သာစည်၊ ၀မ်းတွင်းမြို့နယ်များမှ ဆင်းရဲနွမ်းပါးသော ဆယ်တန်း ကျောင်းသား/သူ စုစုပေါင်း အယောက် (၂၀)အား ရွေးချယ်ခေါ်ယူ၍ ဆယ်တန်းတစ်နှစ်လုံးစာ အတွက်
တာဝန်ယူပေး သွားမည် ဖြစ်ပါသည်။ ထိုသို့စီစဉ်ထားရာတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှု၌ ဖိဖိစီးစီး၊ ထိထိရောက်ရောက် ရှိစေရေးအတွက် စိမ်းလန်းမြေ ပရဟိတအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး၏ အကူအညီဖြင့် ကျောင်းသားဆောင်စီစဉ်ပြီး ကျောင်းအိပ်၊ ကျောင်းစား လေ့ကျင့် ပေးသွားမည် ဖြစ်ပါသည်။

ထို့အပြင် Section ချိန်တွင် နီးစပ်ရာ (၁၀)တန်းကျောင်းသား ကျောင်းသူများကို လက်ခံသင်ကြား ပေးသွားရန် ဆုံးဖြတ်ထားပါသည်။ ထိုကဲ့သို့ကျောင်းသားဆောင် စီစဉ်ရာတွင် မိထ္ထီလာစက်မှုဇုန်အနီးမှ စီးပွားရေးတက္ကသိုလ် ကျောင်းသားဆောင်ဝင်းတစ်ခုကို တစ်လလျှင် ကျပ်၅၀,၀၀၀ နှုန်းဖြင့် ငှားရမ်းထားရြှိပီးဖြစ်ပါသည်။ အဆိုပါ ကျောင်းသားဆောင်ဝင်းအတွင်းရှိ အဆောင်အချို့နှင့် ရေချိုးခန်း၊ အိမ်သာ စသည်တို့တွင် ပြုပြင်မွမ်းမံရန် လိုအပ် နေပါသဖြင့် ပြုပြင် နိုင်ရန် တစ်ဦးခြင်းသော်လည်းကောင်း၊ စေတနာရှင်များ စုပေါင်း ၍သော်လည်းကောင်း၊ ကုသိုလ်ပါဝင် နိုင်ကြပါရန် လေးစားစွာ အသိပေးတင်ပြအပ်ပါသည်ခင်ဗျာ...။

ကနဦး ပါဝင်လှူဒါန်းနိုင်သော နေရာများ .....

မြေဖို့ရန်
မြေသယ်ကားတစ်စီး = ၁၅၀၀၀ ကျပ်
(ခန့်မှန်း မြေသယ်ကား ၅ စီး စာခန့် မြေဖို့ရန် လိုအပ်ပါသည်။)

အဆောက်အဦ ပြုပြင်ရန်
ထရံတစ်ချပ် (ဒေသပေါက်ဈေး) = ၇၅၀၀ ကျပ်
(ခန့်မှန်း ထရံ ၁၀ ချပ်ခန့် လိုအပ်ပါသည်။)

လူနေရန်
သစ်သားကုတင်တစ်လုံး = ၂၅၀၀၀ ကျပ်
(ကျောင်းသား ကျောင်းသူ ၂၀စာ ကုတင် ၂၀ လုံး လိုအပ်ပါသည်။)

စာသင်ရန်
စာသင်ခုံ အရှည်တစ်စုံ = ၃၀၀၀၀ ကျပ် (၆ စုံ လိုအပ်ပါသည်။)
စားပွဲခုံ ၁ လုံး နှင့် ထိုင်ခုံ ၄ လုံး = ၃၀၀၀၀ ကျပ်

လစဉ် ပါဝင်လှူဒါန်းနိုင်သော နေရာများ

ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီ အတွက် ပညာသင်နှစ်
တနှစ်လုံး အတွင်းမှာ တစ်လလျှင် ပညာသင်စရိတ် ပရဟိတ အလှူငွေ
၃၀၀၀၀ ကျပ်
( အလှူရှင်နေရာ ၂၀ နေရာ လိုအပ်ပါသည်။)

ကျောင်းသား/သူများ အစစအရာရာ ပြီးပြည့်စုံစွာနဲ့ ပညာရေး တစ်ခုတည်းမှာပဲ အာရုံစိုက်သင်ကြားနိုင်ကြဖို့ အတွက် လိုအပ်သမျှ စားစရိတ် စသဖြင့် လိုအပ်တဲ့ အရာမှန်သမျှ အတွက် ကုန်ကျခံသုံးစွဲရန်
တစ်လလျှင် အလှူငွေ ၃၀၀၀၀ ကျပ်
(အလှူရှင်နေရာ ၂၀ နေရာ လိုအပ်ပါသည်။)

စိမ်းလန်းမြေ ပရဟိတအဖွဲ့သို့ ဝင်ရောက်လိုပါက
ဆက်သွယ်လှူတန်းလိုပါက



ပညာရေး နှင့် မြန်မာနိုင်ငံ  

Posted by ADMIN in

ပညာရေးဆိုသည်မှာ

“ပညာ” ဆိုတာ အတည်ပညာ၊ ယဉ်ကျေးမှု၊ အကျင့်တရားရှိမှု၊ `ဣနြေ္ဒတို့ကို စောင့်ထိန်းနိုင်မှု စသည်တိုးပွား၍ အဝိဇ္ဇာစသော အပြစ်ဒေါသများ၊ ကင်စင်သွားခြင်ကိုပင်”ပညာ အဆုံးအမ” ဟုခေါ်သည်လို့ “သစ္စတ္ထပကာသကျမ်း” မှာ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။

ပညာရေးဆိုတဲ့ ဝေါဟာရဟာ အလွန်ကျယ်ဝန်း လှပါတယ်။ လူအများ သိနားလည်တဲ့ ကျောင်းသင် ပညာရေး (formal education) သာမက ကျောင်းပြင်ပ ပညာရေး (non-formal education) စတာတွေအားလုံးဟာ ပညာရေး နယ်ပယ်မှာ အကျုံးဝင်ပါတယ်။

နိုင်ငံ တစ်နိုင်ငံရဲ့ပညာရေးဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံသမိုင်း အခြေအနေ၊ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စတာတွေနဲ့ ရောထွေး ယှက်နွယ် နေတတ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံမှာ ပညာရေးရဲ့ ရည်ရွယ်ချက်တွေ ချမှတ်ရာမှာ ဖြစ်စေ၊ အကောင်းအထည် ဖော်ရာမှာ ဖြစ်စေ ပညာရေးကို အခြားကဏ္ဍတွေနဲ့ ခွဲခြားပြီး တသီးတခြား စဉ်းစားလို့ မရနိုင်ပါဘူး။ သီးခြား ကင်းလွတ်သော ပညာရေး ဆိုပြီးတော့လည်း အကောင်အထည် ဖော်လို့ မရနိုင်ပါဘူး။

နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး အခြေအနေတွေဟာ ကာလ၊ ဒေသ၊ ပရောဂ အခြေအနေတွေ အလိုက် ပြောင်းလဲ လေ့ရှိပါတယ်။ ပညာရေးဆိုတာ အတိတ်သင်ခန်းစာကို အခြေခံပြီး၊ ပစ္စပ္ပန် အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ အနာဂတ်ကာလ အတွက် မျှော်မှန်းရခြင်း ဖြစ်လို့ ပညာရေး အသီးအပွင့်ဆိုတာ ချက်ချင်းစိုက် ချင်ချင်းခူးဆွတ်စားဖို့ မဖြစ်နိုင်ပါဘူး။ အနည်းဆုံး ၁၄-၁၅ နှစ်လောက်ကြာမှ ခံစားရတတ်ပါတယ်။


ခေတ်များ စနစ်များနှင့် မြန်မာ့ပညာရေး


သမိုင်းလမ်းကြောင်း ပဒေသရာဇ်ခေတ် ပညာရေး

မြန်မာနိုင်ငံမှာ ဘုရင်တွေ ထွန်းကားခဲ့တဲ့ ပဒေသရာဇ်ခေတ် ကတည်းက ပညာရေး ထွန်းကား စည်ပင်ခဲ့ပါတယ်။ ပဒေသရာဇ်ခေတ် လူနေမှု စနစ်နဲ့ ယဉ်ကျေးမှုတွေဟာ ဗုဒ္ဓရဲ့ တရားဓမ္မနဲ့ အဆုံး အမတွေကို အခြေခံပြီး ကျယ်ပြန့်စည်ပင် ထွန်းကား လာခဲ့ရတယ်။

ပဒေသရာဇ်ခေတ် ပညာရေးစနစ်ဟာ “ဘုန်ကြီးကျောင်း ပညာရေး” စနစ်ပါ။ ဒီပညာရေးစနစ်ဟာ အသက်မွေး ဝမ်းကျောင်း တတ်ဖို့ထက် ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ပြည်သူပြည်သားကောင်း ဖြစ်လာရေးကို ဦးတည်ခဲ့တဲ့ ပညာရေး လို့လည်း ဆိုနိုင်ပါတယ်။

စာသင်ကျောင်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘူး။ ဘုန်ကြီးကျောင်း (စာသင်တိုက်) တွေဟာ ပညာသင်ကြားရာ ဗဟိုဌာနတွေ ဖြစ်လာပါတယ်။ လူတန်းစား မရွေး အခမဲ့ပညာ သင်ကြား ခွင့်ရ တာလည်း ထူးခြားမှု တစ်ရပ်ပါ။ စာပေသင်ကြား ပို့ချသူတွေဟာ ဘုန်းတော်ကြီးတွေ ကိုယ်တိုင် ဖြစ်နေ ပါတယ်။ အတန်းစနစ်မရှိဘူး။ စာသင်သား တစ်ဦးချင်ရဲ့ တိုးတက်မှု၊ တတ်မြောက်မှု အပေါ်မူတည်ပြီး အဆင့်တိုးကာ တစ်ဦးချင်ဆီ သင်ပေးတဲ့ ပညာရေးစနစ်လည်း ဖြစ်တယ်။

စာကို အာဂုံဆောင် အလွတ်ကျက်ရတယ်။ သင်ရိုးဆိုပြီးတော့လည်း အတည်တကျ ပြဠာန်းထားတာ မရှိဘူး။ အဓိက သင်ယူကြရတဲ့ ဘာသာရပ်တွေ ကတော့ ပါဠိနဲ့ မြန်မာ ဘာသာရပ်တွေပဲ ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ ကျေးဇူးကြောင့် အဲဒီခေတ်တုန်းက မြန်မာနိုင်ငံရဲ့ စာရေးစာဖတ် တတ်မြောက်မှုနှုန်းဟာ ၈၅ ရာခိုင်နှုန်း ကျော်ကျော်ရှိခဲ့တယ်လို့ ဆိုတယ်။ အခြားအာရှ နိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် စာတတ်သူဦးရေ ပိုများတယ်လို့ ဆိုနိုင်တယ်။

ကိုလိုနီခေတ်ပညာရေး

မြန်မာနိုင်ငံဟာ ၁၈၈၅ ခုနှစ်မှာ ဗြိတိသျှနယ်ချဲ့ လက်အောက်ကို ကျရောက်ခဲ့ရပါတယ်။ ဗြိတိသျှတွေက မြန်မာနိုင်ငံကို ကာလရှည်ကြာစွာ အုပ်ချုပ်နိုင်မယ့် သွေးခွဲအုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးအကောင် အထည်ဖော်ခဲ့ပါတယ်။

ကိုလိုနီခေတ်က ကျောင်းတွေကို သုံးမျိုးခွဲပြီး ဖွင့်လှစ်ခဲ့ပါတယ်။

၁။ အင်္ဂလိပ်ကျောင်း( English school)
၂။ အင်္ဂလိပ်- မြန်မာစာသင်ကျောင်း( Anglo-Vemacular School)
၃။ တိုင်းရင်းသား- မြန်မာစာသင်ကျောင်း(Vermacular School)


ဆိုပြီးတော့ ဖြစ်ပါတယ်။ ကျောင်းတွေ ကွဲပြားသလို သင်ရိုးညွန်းတမ်း တွေလည်း ကွဲပြားနေပါတယ်။ တိုင်းရင်းသား ဘာသာစကား အင်္ဂလိပ်စာကို ဦးစားပေး သင်ကြားခဲ့ပြီး အဆင့်အတန်းကို အဆင့်အတန်းကို တစ်ခါတည်း ခွဲခြား လိုက်ပါတယ်။

အင်္ဂလိပ်ကျောင်း တွေဆိုတာ မျက်နှာဖြူတွေနဲ့ အထက်တန်းလွှာတွေ အတွက် သီးသန့်ဖြစ်ပြီး၊ အထက်တန်း ရာထူးမှန်း သူတွေ အတွက် ရည်စူးဖွင့်လှစ် ထားတာဖြစ်တယ်။ အင်္ဂလိပ်-မြန်မာ ကျောင်းတွေ ကတော့ တိုင်းရင်းသား လူနည်း စုသာ တက်နိုင်ပြီး ကိုလိုနီအုပ်ချုပ်ရေး ယန္တရား အတွက် လိုအပ်တဲ့ အစိုးရလခစား၊ စာရေးစာချီ၊ အောက်တန်း အမှုထမ်း အရာထမ်းတွေ ခန့်ထားဖို့ ဖွင့်လှစ် ထားတာပါ။ တိုင်းရင်းသား- မြန်မာကျောင်း တွေကတော့ တိုင်းရင်းသား အများစု တက်ရောက် နိုင်ကြပြီး ပညာကို ဆုံးခန်တိုင် သင်ယူနိုင်သူတွေ အလွန်နည်းတယ်။ ဒီကျောင်းက ထွက်လာ သူတွေဟာ ကျောက်ထိုးဆရာ၊ မြေတိုင်းစာရေးနဲ့ ကျောင်းဆရာအလုပ်လောက်သာ ရကြတယ်။

ကိုလိုနီပညာရေး ဆိုတာ လမ်းခွဲ လမ်းသွယ် အလွန်နည်းပါးတဲ့ ပညာရေးလို့ ပြောနိုင်ပါတယ်။ ကျွန်စိတ်ပေါက်ပြီး အမျိုးသားရေး စိတ်ဓာတ်တွေ နည်းပါးအောင် စနစ်တကျ ဖျက်ဆီးခဲ့တဲ့ ပညာရေးလို့ ဆိုနိုင်တယ်။ ဘက်စုံ ဖွံ့ဖြိုးတိုးတက် ရေးဆိုတာ အလှမ်းဝေးပြီး မြန်မာနိုင်ငံ စာတတ် မြောက်မှုနှုန်းဟာ ၃၅ ရာခိုင်နှုန်းကို လျော့ကျ ထိုးဆင်းသွားတာကို ကြည့်ရင် နယ်ချဲ့တို့ရဲ့စေတနာကို သဘောပေါက်မယ် ထင်ပါတယ်။

ပြည်တော်သာ ပညာရေး

၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေး ရခဲ့ပြီး အချုပ်အချာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ဒီအချိန်ကစပြီး ပညာရေးကို နိုင်ငံတော် အစိုးရ အနေနဲ့ ပြုပြင်ပြေင်းလဲမှုတွေ များစွာလုပ် ဆောင်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရကလည်း ပညာသင်ကြား ရေးဆိုင်ရာ မူဝါဒများ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည် ဖော်ဆောင် ရွက်ခြင်းကိုတော့ ၁၉၅၀ ပြည့်နှစ်လောက်မှပဲ စတင်ပြုလုပ်နိုင်ခဲ့ပါတယ်။

ပညာရေး မူဝါဒသစ်အရ ကျောင်းသုံးမျိုး မခွဲခြားတော့ပါဘူး။ နိုင်ငံတော် အစိုးရကျောင်းဆိုပြီး ကျောင်းတစ်မျိုး တည်းထားပြီး သင်ရိုးကိုလည်း တစ်မျိုးတည်းထားခြင်း မြန်မာစာကို သင်ကြား မှုမဏ္ဍိုင်အဖြစ် သတ်မှတ်ခြင်းတွေဟာ ထူးခြားတဲ့ ပညာရေးဆိုင်ရာ မူဝါဒသစ်တွေ ဖြစ်ပါတယ်။ ကျောင်း တွေမှာ သုံးစွဲဖို့ ငွေကြေးဆိုင်ရာ ကိစ္စတွေကိုလည်း နိုင်ငံတော်ကပဲ တာဝန်ယူခဲ့ပြီး ပညာရေးဆိုင်ရာ အထွေထွေပြုပြင် ပြောင်းလဲမှုတွေကို စတင် လုပ်ဆောင်လာခဲ့ပါတယ်။

၁၉၅၂ ခုနှစ်မှာ”ဘဝသစ်ဖန်တီးမှု ပညာရေးစီမံကိန်း” ကိုရေးဆွဲပြီး ပြည်တော်သာ ညီလာခံမှာ အတည်ပြုခဲ့တယ်။ ဒီစီမံကိန်းကို ရည်မှန်းချက် ငါးရပ်ချမှတ်ပြီး အကောင်အထည် ဖော်ဆောင် ရွက်ခဲ့ပါတယ်။စီမံချက်အရ ကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်ခြင်း၊ သင်ရိုးညွန်းတမ်းနဲ့ မာတိကာ အသစ်တွေ ပြဠာန်းခြင်း၊ ကျောင်းသုံး စာအုပ်ထုတ်ဝေခြင်း၊ ဆရာဖြစ် ကောလိပ်နဲ့ သိပ္ပံကျောင်းများ ဖွင့်လှစ်ခြင်း၊ စိုက်ပျိုးရေးနဲ့ စက်မှုလက်မှု ပညာသင်ကျောင်းများ ဖွင့်လှစ်ခြင်း စတဲ့ပညာရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုတွေကို မနားတမ်းလုပ်ဆောင်ခဲ့ပါတယ်။

ဘဝသစ် ဖန်တီးမှုပညာရေး စီမံကိန်းကို ပထမပညာရေး လေးနှစ်စီမံကိန်း(၁၉၅၂-၅၆)၊ ဒုတိယ လေးနှစ် ပညာရေးစီမံကိန်း (၁၉၅၆-၆၀)၊ တတိယပညာရေး လေးနှစ်စီမံကိန်း(၁၉၆၀-၆၄) ဆိုပြီးတော့ စီမံကိန်း ကာလကို သုံးပိုင်းပိုင်းပြီး သတ်မှတ် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမပညာရေး လေးနှစ် စီမံကိန်းကိုပဲ အပြည့်အဝ အကောင်အထည် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလေးနှစ်တာ အကောင်အထည် ဖော်နိုင်ခဲ့တာလေးနဲ့ပဲ ကောင်းမွန်တဲ့ ရလာဒ်တွေရှိခဲ့တယ်လို့ ပြေရမယ်။ ဒါပေမဲ့ ပညာရေး စီမံချက်က ချမှတ်ထားတဲ့ ဗလငါးတန်ပညာရေး (ကာယဗလ၊ ညဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ) တိုးတက်ဖွံ့ဖြိုးအောင်တော့ မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ အထူးသဖြင့်ကတော့ စာပေ ပညာ သင်ကြားရေး သက်သက်ကနေ အသက်မွေးဝမ်း ကျောင်းပညာ သင်ကြားရေးကို ကူးပြောင်း နိုင်ရုံ လေးပဲရှိခဲ့ပြီး အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ စာပေပညာရေး လမ်းကြောင်း တစ်ခုတည်းပဲ အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။

တော်လှန်ရေးကောင်စီခေတ် ပညာရေး

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ပြည်ထောင်စုမြန်မာ နိုင်ငံတော် တော်လှန်ရေး ကောင်စီက နိုင်ငံတော်တာဝန်ကို ယူလိုက်ပြီးချိန်မှာ အသက်မွေးဝမ်း ကျောင်းကို အထောက်အကူပြုတဲ့ စာရိတ္တမြင့်မားရေးကို အခြေခံပညာရေး စနစ်ကို ပြောင်းလဲ ကျင့်သုံးလာခဲ့ကြတယ်။

၁၉၆၄ ခုနှစ်မှာ တက္ကသိုလ် ပညာရေးဥပဒေကို ပြဠာန်းခဲ့တယ်။ ဝိဇ္ဇာနှင့် သိပ္ပံပညာရေးဆိုင်ရာ တက္ကသိုလ်တွေ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ တက္ကသိုလ်တွေကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာ အခြေခံ ပညာရေးဥပဒေကို ထုတ်ပြန်ကြေငြာခဲ့ပြီး အထွေထွေပညာရေးကို အခြေခံပညာရေးလို့ ခေါ်တွင်စေခဲ့တယ်။ ပညာရေး အဆောက်အအုံ ပုံစံနှင့်တကွ သင်ရိုးအပါအဝင် ပညာသင်ကြားရေး အစီအစဉ်တွေပါ ပြုပြင်ပြောင်းလဲခဲ့တယ်။

၁၉၆၇-၆၈ ပညာသင်နှစ်မှာ အဠမတန်းကို အခြေခံအလယ်တန်း အဆင့်မှာ ထည့်သွင်းပြီး အခြေခံပညာ အထက်တန်းအဆင့်ကို ဝိဇ္ဇာ၊ သိပ္ပံ လမ်းနှစ်သွယ်ခွဲပြီး သင်ကြားမှုကို ၁၉၆၈-၆၉ ပညာ သင်နှစ်ကစပြီး ကျင့်သုံးခဲ့တယ်။ ၁၉၇၇-၇၈ မှာဝိဇ္ဇာ၊ သိပ္ပံခွဲတာကို ပြန်လည်သုံးသပ်ပြီး မခွဲတော့ပဲ ပြန် ပေါင်းပြီး သင်ပြန်တယ်။

ဆိုရှယ်လစ်ခေတ်စနစ်သစ်ပညာရေး

၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ နိုင်ငံတော်ရဲ့အခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်မယ့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြီး ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတနိုင်ငံတော် ဘဝ ရောက်ခဲ့ပါတယ်။

ဆိုရှယ်လစ်ဆိုတော့ မြန်မာ့ဆိုရှယ်လစ် ဘောင်အတွက် လိုအပ်နေတဲ့ လုပ်သားကောင်းတွေ မွေးထုတ်ရေးကို အခြေခံတဲ့ ပညာရေးဆိုပြီး ဖြစ်လာပြန်တယ်။ အဲဒီအချိန်က ပညာရေးဌာနဝန်ကြီး ဒေါက်တာ ညီညီကလည်း “တိုင်းရင်းသားတိုင်းသည် ပညာသည်သာမက ကာယဗလ၊ စိတ်ဓာတ်၊ အတွေးအခေါ်၊ အလေ့အကျင့်၊ တိုင်းရင်းသား ယဉ်ကျေးမှု၊ ရသ ခံစားတတ်မှုပြည့်စုံရေး အတွက် ဘက်စုံပညာရေး မီးမောင်း ထိုးပေးရန်” ရည်ရွယ်တယ်လို့ ပြောသွားဖူးတယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်မှာက

၁။ သက်မွေးကျောင်းမှုကို အထောက်အကူပြူ၍ စာရိတ္တမြင့်မား ရေးကို အခြေခံသော ပညာရေးကို ဆောက်တည်မည်။

၂။ သိပ္ပံပညာကို ဦးစားပေးမည်။

၃။ အခြေခံပညာကို လူတိုင်သင်ယူနိုင်ခွင့် ရရေးကို ဆောက်တည်မည်။

၎။ အထက်တန်းပညာ(ဝါ) တက္ကသိုလ်ပညာကို ဥာဏ်ပညာထက်မြင်ခြင်း ရှိ၍ အထက်တန်း မှီအောင် လိုက်နိုင်သူ၊ ကြိုးစားမှု ရှိသူများကိုသာ သင်ကြားခွင့်ပြုစေရန် ရည်သန်သည်ဆိုပြီး ချမှတ် အကောင်အထည် ဖော်ခဲ့ကြတယ်။

ကမ္ဘာ့အဆင့်မှီ ပညာရေး ဆိုပြီးတော့ ၁၉၈၅-၈၆ ပညာသင်နှစ်ကစပြီး လမ်းသွယ်တွေခွဲတဲ့ ပညာရေးကို လုပ်ဆောင်ခဲ့ပြန်တယ်။ ဒီလိုနဲ့ ခွဲလိုက်တွဲလိုက် မတည်ငြိမ်တဲ့ ပညာရေးစနစ်မှာ လက်တွေ့ကျင့်သုံးမှု အရတော့ အသက်မွေးဝမ်းကျောင်း ပညာရေးဟာ ထင်သလောက်ခရီး ပေါက်ခဲ့ဘူး။ စာပေသင်ကြားမှု စနစ်သာ အဖြေတစ်ခု အနေနဲ့ ထွက်ပေါ်ခဲ့တယ်။

© ၂၀၀၉ခုနှစ် မတ်လတ်ထုတ် မျက်မှောက်ရေးရာ မဂ္ဂဇင်း အတွဲ(၂)၊ အမှတ်(၁) စာမျက်နှာ(၇)



လူငယ်၊ ပညာရေးနှင့် အနာဂါတ်မြန်မာနိုင်ငံ  

Posted by ADMIN in

စက္ကန့်နဲ့အမျှ တိုးတက်နေ့သော ယနေ့ အီလက်ထရောနစ် နည်းပညာ ခေတ်ကြီးမှာ လူသားတွေရဲ့ တွေးခေါ်ကြံဆ အကောင်ထည်ဖော်မှုတွေကို လူသားတွေကိုယ်တိုင် လိုက်လို့မမှီနိုင်ဖြစ်နေပါပြီ။ အထူးသဖြင့် ကျနော်တို့ နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲ သာမန်နိုင်ငံများအနေဖြင့် ကြွယ်ဝချမ်းသာသော ဖွံ့ဖြိုးပြီးနိုင်ငံများထက် ခြေလှမ်းပေါင်းများစွာ နောက်ကျကျန်ခဲ့ရာ ရှေ့တွင်ရှိသော ထိုနိုင်ငံကြီးများကို ကျော်တက်ရန်ဆိုသည်မှာ တတိယအဆင့်၊ ဒုတိယ စဉ်းစားရမည်မှာ အမှီလိုက်ဖို့နှင့် ပထမဆုံး လုပ်ဆောင်ရမည်မှာ ကွာဟနေသော ခြေလှမ်းများကို ဒီထက်ပိုမကွာသွားအောင်နှင့် ကွာဟနေသော ခြေလှမ်းများကို တဖြည်းဖြည်းခြင်း အရေအတွက် နည်းအောင် ကြိုးစားရပေမည်။ ဤသို့ ကြိုးစားရန်မှာ ယနေ့မြန်မာလူငယ်အားလုံးမှာ တာဝန်ရှိပေသည်။ နောင် ၁၀ နှစ်မှာ ကွာဟနေမည့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် မြန်မာနိုင်ငံကြားတွင် ရှိသော ခြေလှန်းအရေအတွက်သည် ယနေ့ မြန်မာလူငယ်များအပေါ်တွင် လုံးလုံးလျားလျား မူတည်နေသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သည့်အတိုင်းပင် ကျနော်တို့နိုင်ငံအနေနှင့် ခြေလှန်းပေါင်းများစွာ နောက်ကျနေရာ အမှီလိုက်ရန်အတွက် သူများ ခြေတစ်လှမ်း လှမ်းချိန်မှာ ကျနော်တို့အနေနဲ့ ၃-၄ လှမ်း လှမ်းနိုင်ဖို့ လိုသည်။ ၃-၄ လှမ်း မလှမ်းနိုင်သေးလျှင်လည်း သူများ တစ်လှမ်း လှမ်းချိန်မှာ သူများထက် နဲနဲ ပိုကျယ်တဲ့ ခြေလှမ်း တစ်ခုတော့ အနိမ့်ဆုံးအဆင့် လှမ်းနိုင်မှ ဖြစ်ပါလိမ့်မည်။ သို့သော်လည်း အချို့က မလှမ်းနိုင် လှမ်းနိုင်ဖြင့် ခြေတစ်လှမ်းချင်းကို လိမ်ဖယ်လိမ်ဖယ် လှမ်းနေမည်၊ လှမ်းနိုင်တဲ့သူတွေက ခိုကပ်နေမည် (သို့) သူတပါးနိုင်ငံရဲ့ ခြေလှမ်းတွေကို တွန်းအားပေးတဲ့ သံခွာဖြစ်နေမည် ဆိုလျှင်တော့ နောင် ၁၀ နှစ်လည်း မြန်မာနိုင်ငံကြီးမှာ ထူးထူးခြားခြား ရှေ့တိုးသွားမည် မဟုတ်ပေ။

ပထမဆုံးနှင့် အခြေခံအကျဆုံး တည်ဆောက်မှုမှာ တစ်ဦးချင်းစီ၏ ပညာအရည်အချင်း (အသိပညာရော၊ အတတ်ပညာပါ) မြှင့်တင်ရန်၊ ခံယူချက်မြင့်မားရန်နှင့်၊ မျိုးချစ်စိတ်ရှိရန်ဖြစ်သည် (မျိုးချစ်စိတ် ဆိုခြင်းထက် နိုင်ငံတော်ကို ချစ်သည့်စိတ်ဆိုလျှင် ပိုမှန်မည်)။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့အဆင့်မှီ နိုင်ငံတစ်နိုင်ငံ ဖြစ်ပေါ်ရေးသာမက အမျိုးသားပြန်လည်သင့်မြတ်ရေးအားလုံးကို ပညာရေးဖြင့် တည်ဆောက်နိုင်ပေသည်။ ပညာမတတ်သေးသောသူများကို ပညာသင်ရန် နားလည်အောင်ပြောပြဖို့လိုအပ်သလို၊ ပညာတတ်ပြီးသား လူငယ်များကလည်း ဆထက်တပိုး ပိုတတ်အောင်ကြိုးစားရန် နှင့် မိမိတတ်ထားသော ပညာဖြင့် နိုင်ငံတော်အတွက် အထောက်အကူပေးရန် လိုအပ်သည်။ နိုင်ငံတော် အတွက် ပညာတတ်ပြီး တစ်စုံတစ်ရာ ဘာမှလုပ်မပေးနိုင်သည့် နိုင်ငံသား မှာ ပညာမတတ်သည့် နိုင်ငံသားတစ်ဦးနှင် နှင့် နိုင်ငံအပေါ် အကျိုးပြုမှု အတိုင်းအတာ အတူတူပင်ဖြစ်သည်။

ယနေ့ခေတ် မြန်မာနိုင်ငံ ပညာရေးနှင့် ပက်သက်ပြီး http://www.mee-pya-tite.com/2009/08/blog-post.html မှာ ကျနော် ရေးသားခဲ့ပြီးဖြစ်သည်။ တောထဲတောင်ထဲမှာ နေသူထက် ရွာထဲမှာနေသူက အသိစိတ်၊ အသိပညာ ပိုရှိသည်။ ရွာမှာနေသူထက် မြို့မှာနေသူက ပိုသာ သလို မြို့ထဲမှာမှ မြို့ကြီးများမှာနေသူများက မြို့နှင့်ချီသော အတွေးများ၊ နိုင်ငံနှင့် ချီသော အတွေးများ တွေးတတ်လာသည်။ ထိုထက်မက နိုင်ငံခြားရောက် လူငယ် ပညာတတ်များက ကမ္ဘာနှင့်ချီပြီး တွေးတတ်၊ မြင်တတ်လာသည်။ ကိုယ့်နိုင်ငံ၏ အားသာချက်၊ အားနည်းချက်များကို သိမြင်လာပြီး အားနည်းချက်များကို မိမိတို့ တက်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးသင့်သည်။ မိမိရောက်ရှိနေသောနိုင်ငံ၏ အားသာချက်များ၊ အတုယူစရာများကို မှတ်သားပြီး ကိုယ့်နိုင်ငံသူ နိုင်ငံသားများကို အတုယူဖို့ ပြောပြသင့်သည်။ မိမိတတ်ကျွမ်းသော ပညာဖြင့် မိမိနိုင်ငံတော်ကို ရှေ့ရောက်အောင် တွန်းပို့ရပေမည်။ ”နှမ်းတစ်စေ့နှင့် ဆီမဖြစ်နိုင်” ဟူသော အသိထက် ” နိုင်ငံတော်အတွက် ငါသည် နှမ်းတစ်စေ့ဖြစ်ရမည်” ဟူသော အသိက ပိုအရေးကြီးသည်။

ကျနော်တို့နိုင်ငံ ခြေလှမ်းအချို့နောက်ကျခဲ့ခြင်းမှာ နိုင်ငံသားများ၏ အရည်အချင်း ညံ့ဖျင်းခြင်းကြောင့်မဟုတ်ပဲ သူများ လှမ်းနေချိန်မှာ မလှမ်းပဲ ရပ်နေခဲ့ခြင်းကြောင်းသာ ဖြစ်ကြောင်းကို နိုင်ငံခြားမှာသာမက နိုင်ငံတွင်းမှာ ရှိသော ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များက အကြိမ်ကြိမ် သက်သေပြခဲ့ပြီးဖြစ်သည်။ နိုင်ငံခြားမှာ မြန်မာတစ်ယောက် အရမ်းထူးချွန်သည့် အခါတိုင်းလည်း မောင်ဖြူ တော်သည်၊ မဖြူ တော်သည် ဟု မည်သူမျှမပြောပဲ မြန်မာတွေ တော်ကြတယ် ဟူ၍သာ သိကြသည်။ မောင်ဖြူ စာရိတ္တကောင်းလျှင်လည်း မြန်မာတွေ အကျင့်ကောင်းတယ်၊ အလုပ်ကြိုးစားလျှင်လည်း မြန်မာတွေ ခိုင်းလို့ကောင်းတယ် ဟူ၍ အသိမှတ်ပြုကြသည်။ ထိုသို့ပင် မဖြူ ညံ့ရင်သော်လည်းကောင်း၊ ကလိမ်ကကျစ်ကျလျှင်သော်လည်းကောင်း၊ ခေတ်ကို ခုတုံးလုပ်ပြီး အပျော်အပါး မက်မောလျှင်သော်လည်းကောင်း၊ ငွေကြေးနောက်ကိုလိုက်ပြီး ကြေးစားမယားတစ်ပိုင်း လုပ်လျှင်လည်းပဲ မြန်မာဆိုတာ ဒါမျိုးပါလား ဟူသော အသိသာ နိုင်ငံခြားသားတို့ ရရှိသွားကြပေမည်။

အရာရာတိုင်းမှာ အကောင်းနှင့်အဆိုး ဒွန်တွဲနေသောကြောင့် အကောင်းတွေကို တံခါးဖွင့်လိုက်သည်နှင့် အဆိုးတွေကိုပါ ခေါ်ပြီးသား ဖြစ်နေတတ်တာ ထုံးစံဖြစ်သည်။ အရေးကြီးသည်မှာ ရှေ့သို့တွန်းသော ခြေလှမ်းအရေအတွက်က နောက်ကိုပြန်ဆွဲနေသော ခြေလှမ်း၊ ဘေးတိုက်ဆွဲနေသောခြေလှမ်း၊ လုံးဝ မတွန်းသောခြေလှမ်းနှင့် တွန်းသလိုလိုနှင့် ခိုစီးလိုက်ပါနေသော ခြေလှန်းအားလုံး၏ အရေအတွက်ထက် များနိုင်ပါမှ တစ်လှမ်းဆိုလျှင် တစ်လှမ်း သိသိသာသာ ရှေ့သို့ ရွေ့နိုင်လိမ်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ခြေလှမ်းများစွာ နောက်ကျရခြင်းမှာ ခြေထောက် တစ်ချောင်းတည်း ရှိသောကြောင့်လား၊ ခြေရာကောက်ရင်း ခြေရာပျောက်ခဲ့လို့လား၊ စောသေးလို့အကြောပေးခဲ့တာကြောင့်လား၊ တင်းတိမ်ရောင့်ရဲခြင်းကြောင့် နောက်တစ်လှမ်းကို ဆက်မလှမ်းခဲ့တာလား အဖြေအတိအကျသိရဖို့ထက် အဖြေရှာရင်း ခြေလှမ်းတွေ ထပ်ပြီးမကွာစေဖို့ သတိပြုရပေမည်။ ရှေ့နိုင်ငံတွေ လှမ်းသွားသော ခြေလှမ်းများကို လိုက်ရှာရမည်၊ ခြေရာကောက်မိလျှင် မည်သို့လှမ်းသွားကြောင်း သိရအောင် လေ့လာရမည်၊ လေ့လာပြီးနောက် ထိုခြေလှမ်းထက်သာအောင် မည်သို့လှမ်းရမည် ဆိုသည်ကို စဉ်းစားရမည်။ ထို့နောက် ထိုခြေလှမ်းအတိုင်း (သို့) ထိုခြေလှမ်းထက်သာအောင် လိုက်လှမ်းနိုင်အောင် ကြိုးစားရမည်။

ဥပမာ- ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ သုံးတဲ့ နည်းပညာ စနစ်တစ်ခုကို

  • အဆင့် ၁။ System ကို သုံးကြည့်ရမည်၊
  • အဆင့် ၂။ မည်သို့လုပ်ခဲ့ကြောင်း သိအောင် လေ့လာရမည်၊
  • အဆင့် ၃။ ပြုပြင်တတ်အောင် လေ့လာရမည်၊
  • အဆင့် ၄။ ထို System နှင့် တစ်ပုံစံတည်း ပြည်တွင်းမှာ ကိုယ့်အားကိုယ်ကိုး (သို့) ပြည်ပ အကူညီနှင့် လုပ်နိုင်အောင် ကြိုးစားရမည်။ ပြုလုပ်ရမည်။
  • အဆင့် ၅။ မူလ System ထက် သာလွန်သော System တစ်ခု၊ မြန်မာနိုင်ငံ အနေအထား၊ ရာသီဥတုနှင့် လိုက်ဖက်အသုံးဝင်သော System တစ်ခု ကို အကောင်ထည်ဖော်ရန် ကြိုးစားရမည်။ အကောင်ထည်ဖော် ရမည်။
  • အဆင့် ၆။ နိုင်ငံခြား သိပ္ပံပညာရှင်တို့ Research လုပ်နေသော System များ နှင့် Idea များ ကို လေ့လာရမည်။
  • အဆင့် ၇။ ထို Research နှင့် Idea များကို ကိုယ့်နိုင်ငံသားအချင်းချင်း ဖြန့်ဝေရမည်။ စိတ်ဝင်စားလာအောင် နှိုးဆော်ရမည်။ အတွေးတွေကို ရယူရမည်။
  • အဆင့် ၈။ ထို Research နှင့် Idea များကို ဖြစ်နိုင်ကြောင်း (သို့) မဖြစ်နိုင်ကြောင်း မိမိတို့က ဦးစွာ သက်သေပြနိုင်အောင် ကြိုးစားရမည်။
  • အဆင့် ၉။ အကောင်ထည်ဖော်ရမည်။ ဖြစ်သည်။



မြန်မာကျောင်းသား  

Posted by ADMIN in ,

လွန်ခဲ့သောသီတင်းပက်က ကျနော်တို့ MIET တက္ကသိုလ်ကြီးမှာ Final year မြန်မာကျောင်းသားတွေရဲ့ Defence ပွဲကို ဌာန အလိုက် ခန်းနားစွာဖြင့် 17.05.2010 မှ 21.05.2010 ထိ တစ်ပက်လုံး ကျင်းပခဲ့သည်။ MIET တက္ကသိုလ် မြန်မာကျောင်းသား အပက်စဉ် (၆) မှ Final year ကျောင်းသား (၇၂) ဦးမှ မိဘဆွေမျိုးများနှင့် ၃ နှစ် ၃ မိုး သံယောဇဉ် စွန့်ခွာပြီး အပက်တကုပ် ကြိုးစားခဲ့သမျှ Master အဆင့်မှီ အဆင့်မြင့်နည်းပညာများကို ဌာနအလိုက် ဆရာ၊ ဆရာမများ၊ Supervisor များ၊ Professor များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၏ မေးမြန်းသော မေးခွန်းများအား ကောင်းမွန်စွာ ဖြေဆို အောင်မြင်ခဲ့ကြသည်။ အောင်မြင်သွားသော ကျောင်းသားများအတွက် ၎င်းတို့ ကိုယ်တိုင် ဂုဏ်ယူရမည့် အချိန်ဖြစ်သလို၊ ကာယကံရှင် ကျောင်းသားများရဲ့ မိဘတွေ၊ ညီကိုမောင်နှမများ အပြင် မြန်မာတစ်မျိုးသားလုံးအတွက် ဂုဏ်ယူရမယ့် နေ့ရက်လည်းဖြစ်သည်။

ရုရှားဆရာများမှလည်း မြန်မာကျောင်းသားများ ကို လေးစားချီးကျူးကြပြီး မြန်မာကျောင်သားတို့၏ ထူးချွန်မှုများကိုလည်း ကျောင်းထုတ် သတင်းစာများ၊ ဂျာနယ်များနှင့် ကျနော်တို့ မြို့ထုတ် သတင်းစာများတွင် မကြာခဏ ဖော်ပြ အသိမှတ် ပြုခဲ့ကြသည်။ မြန်မာကျောင်းသားများအနေဖြင့် ဆရာများ၏ ယုံကြည်ကိုးစားခြင်းကို ခံရပြီး ထူးချွန်စွာ အောင်မြင်သူများစွာရှိသလို၊ Ph.D ပြန်တက်ရန် ထောက်ခံခြင်း ခံရသူများမှာလည်း မနည်းပေ။ ရုရှားကျောင်းသားများပင်လျှင် ခက်ခက်ခဲခဲ ရနိုင်သော အနီရောင် ဘွဲ့လက်မှက်များကို မြန်မာကျောင်းသားတို့ များစွာရရှိခဲ့သည်။ (အနီရောင် ဘွဲ့လက်မှတ်ဆိုသည်မှာ ဘာသာရပ်အားလုံး ၏ လေးပုံသုံးပုံမှအထက် Great 5 ရရှိပြီး Great 3 တစ်ခုမှ ရရှိမထားသော ကျောင်းသားများအား ပေးအပ်သော ဘွဲ့လက်မှတ်ဖြစ်သည်။ )

MIET တက္ကသိုလ်၏ မြန်မာကျောင်းသား ပထမဆုံး အမှတ်စဉ်တွင် ဘွဲ့ရရှိသူ ၅၀ ယောက်ရှိပြီး အနီရောင်ဘွဲ့လက်မှတ်ရရှိသူ ၁၃ ဦးရှိခဲ့သည်။ ဤအကြောင်းကို MIET တက္ကသိုလ် website ရှိ http://miet.ru/news/5763 တွင် ယခုချိန်ထိ ဖော်ပြထားဆဲဖြစ်သည်။

အမှတ်စဉ် (၂) တွင် ဘွဲ့ရရှိသူ မြန်မာကျောင်းသား ၄၇ ဦးရှိပြီး အနီရောင်ဘွဲ့လက်မှတ်ရရှိသူ ၉ ဦး၊

အမှတ်စဉ် (၃) တွင် ဘွဲ့ရရှိသူ မြန်မာကျောင်းသား ၃၄ ဦးရှိပြီး အနီရောင်ဘွဲ့လက်မှတ်ရရှိသူ မရှိခဲ့၊

အမှတ်စဉ် (၄) တွင် ဘွဲ့ရရှိသူ မြန်မာကျောင်းသား ၂၄ ဦးရှိပြီး အနီရောင်ဘွဲ့လက်မှတ်ရရှိသူ ၃ ဦး

အမှတ်စဉ် (၅) တွင် ဘွဲ့ရရှိသူ မြန်မာကျောင်းသား ၇၇ ဦးရှိပြီး အနီရောင်ဘွဲ့လက်မှတ်ရရှိသူ ၁၁ ဦး (ကျနော်တို့ အမှတ်စဉ်ပါ http://russia.edu.ru/news/3536/ )

အမှတ်စဉ် (၆) တွင် ဘွဲ့ရရှိသူ မြန်မာကျောင်းသား ၇၂ ဦးရှိပြီး အနီရောင်ဘွဲ့လက်မှတ်ရရှိသူ ၁၀ ဦး ရှိခဲ့သည်။

MIET တက္ကသိုလ်မှာ ရုရှားနိုင်ငံ၏ အီလက်ထရောနစ် နည်းပညာ အမြင့်မားဆုံးကျောင်းဖြစ်ပြီး MIET ကျောင်းမှ ဘွဲ့လက်မှတ်များဖြင့် စင်္ကာပူ၊ ယူကရိန်း၊ တရုတ် နှင့် USA အပါအဝင် အခြားနိုင်ငံပေါင်းများစွာတွင် တစ်နှစ် အလကား နေထိုင်ခွင့်ရရှိနိုင်သည်။ MIET ကျောင်းမှ နည်းပညာများကို ကမ္ဘာနိုင်ငံ တော်တော်များများမှ စိတ်ဝင်စားကြပြီး၊ MIET ကျောင်းဆင်း ပညာသည်များကိုလည်း အလိုရှိကြသည်။ အထူးသဖြင့် ဖွံဖြိုးဆဲနိုင်ငံများမှ ၎င်း တို့ နိုင်ငံ ပိုမိုဖွံဖြိုးစေလိုသောကြောင့် အလိုရှိကြသလို နိုင်ငံကြီးများကလည်း ရှရှား၏ နည်းပညာလျှို့ဝှက်မှု အဆင့်အတန်းမြင့်မားခြင်းကြောင့် စိတ်ဝင်စားကြသည်။

အခြားနိုင်ငံများနှင့် မတူသော ရုရှားနိုင်ငံ၏ ထူးခြားသော နည်းပညာမှာ သေငယ်ပြီး တန်ဖိုးမြင့်မားသော chip ပြားများ၊ အာရုံခံစနစ်များဖြင့် ကမ္ဘာ လွမ်းမိုးထားခြင်းဖြစ်သည်။ ဥပမာ ဂျပန်နိုင်ငံမှာ ကားထုတ်လုပ်ရာတွင် နာမည်ကျော်ကြားပြီး ကားတစ်စီး ကို ဒေါ်လာပေါင်းများစွာဖြင့် ထုပ်လုပ်ရောင်းချနေချိန်တွင် ရုရှားနိုင်ငံမှ လက်သည်းခွံမျှရှိသော chip ပြား လေး များကို ဂျပန်နိုင်ငံမှာ ကားတစ်စီးထက် သာလွန်သော ဈေးနှုံးဖြင့် ရောင်းချနေခြင်းပင်ဖြစ်သည်။ Control Systems ၊ လေယာဉ်များ၊ ဂြိုဟ်တုများနှင့် အခြားလျှို့ဝှက်နည်းပညာများတွင် အသုံးပြုသည့် chip ပြားများကို MIET တက္ကသိုလ်မှ Micro Eliecronoc ဌာနမှ သင်ကြားပေးပြီး မြန်မာကျောင်းသားများကို လက်တွေ့လုပ်ဆောင်စေခိုင်းမှုတွေ လည်း ထုတ်လုပ်စေခဲ့သည်။ Control ဌာနမှလည်း နယ်ပယ်ပေါင်းစုံမှ Control လုပ်ခြင်းနည်းပညာပေါင်းစုံကို ကျယ်ကျယ်ပြန်ပြန့် သင်ကြားပေးသည်။ အခြားသော ဌာန ပေါင်းစုံမှလည်း အခြား အဆင့်မြင့် နည်းပညာတွေကို Supervisor အလိုက် သင်ကြားပေးလျှက်ရှိသည်။ ယနေ့ခေတ်ကြီးမှာ စက္ကန့်နဲ့ အမျှ တိုးတက်နေသလို နေရာတိုင်းမှာ အီလက်ထရောနစ် နည်းပညာတွေက အရေးပါဆုံး အခန်း ကဏ္ဍတွေမှာ စိုးမိုးထားရာ ကျနော်တို့ ကျောင်းမှ အီလက်ထရောနစ် နည်းပညာများဖြင့်လည်း အမိမြန်မာနိုင်ငံကြီးကို ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ များစွာ အထောက်အကူ ဖြစ်စေလိမ့်မယ်ဟု ယုံကြည်ပါ၏။

ကိုယ်ပိုင်သီးသန့်လုပ်ရသည့် research အပြင် ကျောင်းမှ သင်ကြားပေးသော minor ဘာသာရပ်များဖြစ်သည်။ MIET ကျောင်းအကြောင်း အင်္ဂလိပ်ဘာသာဖြင့် ဖတ်လိုပါက http://eng.miet.ru/ တွင် လေ့လာနိုင်ပြီး MIET မှ မြန်မာကျောင်းသားများ၏ ဖိုရမ်မှာ http://mietforum.ning.com/ ဖြစ်သည်။



И Версия  

Posted by ADMIN in ,

ကျနော်တို့၏ MIET (Moscow Institute of Electronic Technology) ကျောင်းတော်ကြီး၏ InVersia သတင်းဌာနမှ အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံး ထုတ်ဝေသော December 104 English သတင်းစာ တွင် MIET တက္ကသိုလ်မှမြန်မာကျောင်းသားများ အားလုံး၏ကိုယ်စား ကျနော်ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ် အား မြန်မာနိုင်ငံ အလံ ပုံနှင့်တကွ ဖော်ပြထားခြင်းဖြစ်ပါသည်။



သတင်းစာ အပြည့်အစုံ










မြန်မာနိုင်ငံ ပညာရေး နှင့် ပက်သက်၍  

Posted by ADMIN in ,



လူ့အဖွဲ့အစည်းတစ်ခု၏ အဆင့်အတန်းကို နိုင်ငံတကာမှာ ပညာအရည်အချင်းနှင့် တိုင်းတာကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကတည်းက မြန်မာ့ပညာရေးသည် ကမ္ဘာ့နိုင်ငံများ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ကြရသည်။ မြန်မာနိုင်ငံသားတို့၏ ပညာအရည်အချင်းကိုလည်း လေးစားကြသည်။ ယနေ့ အချိန်ထိလည်း နိုင်ငံအတော်များများမှာ မြန်မာပညာရှင်အမြောက်အများ နေရာယူလျှက်ရှိသည်။ သို့သော် ယနေ့ခေတ် ကျောင်းသားလူငယ်များ၏ တက္ကသိုလ်အပေါ်ရှုမြင်ပုံနှင့် ပညာရေးနှင့် ပက်သက်သော ခံယူချက်မှာ အင်မတန် အံ့အားသင့်စရာကောင်းသည်။ ကျနော်တို့ အလယ်တန်းကျောင်းသားဘ၀၊ အထက်တန်းကျောင်းသားဘ၀ ကတည်းက တက္ကသိုလ် ဟူသော စကားကို အလွန် မက်မောသည်။ ခန်းနားသည်။ ကြီးကျယ်သည်။ တက္ကသိုလ်တက်ဖို့ အိပ်မက်ပေါင်းများစွာ မက်ခဲ့ရသည်။ တက္ကသိုလ်တက်လိုစိတ်မှာ လူငယ်တိုင်းစိတ်တွင် ပြင်းပြင်းထန်ထန် နေရာယူ စိုးမိုးထားသည်။ တက္ကသိုလ်ကို အထင်ကြီးသည်။ တက္ကသိုလ်မှ သင်ကြားပေးမည့်ပညာရေးကို လေးစားသည်။ တန်ဖိုးထားသည်။

ယခု ကျနော် ပြန်ရောက်ချိန် တွင် ကျောင်းသား လူငယ်များ၏ တက္ကသိုလ်အပေါ် ရှုမြင်ပုံမှာ ကျနော်တို့ တုန်းကနှင့် လုံးဝ လုံးဝ (လုံးဝ) ဆန့်ကျင်ဘက်ဖြစ်နေသည်။ ”တက္ကသိုလ်လား ဘာလုပ်ဖို့တက်မှာတုန်း၊ တက္ကသိုလ်တက်တော့ ဘာလုပ်လို့ရမှာတုန်း၊ ဘွဲ့မရတော့ရော ဘာဖြစ်တုန်း” ဟူသော စကားများကို နားနှင့် မဆံ့အောင်ကြားခဲ့ရသည်။ အရင်က အိမ်ဦးခန်းတွေမှာ ချိတ်ထားသော ဘွဲ့ဓာတ်ပုံများ ကုတင်ကြားသို့ ရောက်ကုန်ကြပြီ။ ဘွဲ့ဓာတ်ပုံချိတ်ထားသည်ကို တွေ့လို့လည်း အသိအမှတ်ပြုမှု မရှိကြတော့။

ကလေးတွေ စိတ်ထဲမှာ ထိုသို့သော တက္ကသိုလ်ကို အထင်မကြီးစိတ်၊ တက္ကသိုလ်မှပေးသောဘွဲ့ကို တန်ဖိုးမထားစိတ်များ ဖြစ်ရခြင်းမှာ နံပတ်(၁) လူကြီးမိဘ များအပေါ်မူတည်သည်။ (၂) ပက်ဝန်းကျင်အပေါ်မူတည်သည်။ ထိုအတွေးများ ၀င်လာသည်နှင့် လူကြီးများက တားမြစ်ရမည်၊ အမြင်မှန်ရအောင် ပြသရမည်။ သို့သော် စိတ်မကောင်းစရာ တစ်ခုမှာ လူကြီးများကိုယ်တိုင်က ထိုအတွေးများဝင်ကာ ကလေးများကို ရိုက်သွင်းနေကြသည်။

ပညာရေးကို အထင်မကြီးသည့်စိတ်များ၊ တက္ကသိုလ်ကို အထင်သေးသည့်စိတ်များ၊ တက္ကသိုလ်မှ ပေးသော ဘွဲ့များကို တန်ဖိုးမထားသောစိတ်များက နိုင်ငံတစ်နိုင်ငံရှိ လူငယ်များစိတ်ထဲ စိုးမိုးသွားခြင်းသည် ကာယကံရှင်နိုင်ငံ၏ ကံဆိုးခြင်း လမ်းစပင်ဖြစ်သည်။ နိုင်ငံကြီးတစ်ခုလုံး ကံဆိုးမိုးမှောင်ကြသွားလိမ့်မည်။ မည်သူ မည်ဝါ၏ အားနည်းချက်ဟူ၍ ကျနော် အသေအချာမသုံးသပ်မိသော်လည်း နိုင်ငံသားအားလုံးမှာ တာဝန်အပြည့် ရှိပေသည်။ အထူးသဖြင့် ပညာတက်လူငယ်များက အများကြီး ပြောပြသင့်သည်။ ပညာတတ်လူကြီးများကိုတော့ အားကိုးရန် ခက်ခဲသည်။ အဘယ့်ကြောင့်ဆိုသော် ဦးဖိုးကျားတို့ ခေတ်က စာမတက်လည်း ထမင်းစားလို့ ရတယ် ဟူသော စကားကို ပညာလုံးဝ မတတ်သော တောင်သူဦးကြီး၊ ဒေါ်ကြီးများက ပြောကြသော်လည်း ယနေ့အချိန်တွင် ပညာတတ်သော မြို့နေ လူကြီးများကပင် ထိုကဲ့သို့ ဆင်တူရိုးမှား စကားများကို အသုံးပြုနေသောကြောင့်ဖြစ်သည်။

နောက်ထပ် အများဆုံး တာဝန်ရှိသည်မှာ ဆရာ၊ ဆရာမ များပင် ဖြစ်သည်။ ဆရာ၊ ဆရာမ များဆိုရာတွင် မူလတည်းကြို ဆရာ၊ ဆရာမများမှ ပါမောက္ခချုပ်များ အထိ ပါဝင်သည်။ ဆရာ၊ ဆရာမ များမှ ကျောင်းသား၊ ကျောင်းသူများကို အမှန်တကယ် တတ်ကျွမ်းအောင် သင်ကြားပြသဖို့ လိုအပ်သည်။ မူလတည်းကတည်းက ကမ္ဘာကြီးကို ကြည့်တတ်စေရန် သင်ပေးရမည်။ ကမ္ဘာနှင့် ယှဉ်ယှဉ်ပြီး ပြောဆိုမှုများ ပြုလုပ်သင့်သည်။ အရေးအကြီးဆုံးမှာ မိမိတို့ကိုယ်တိုင် ပညာအရည်အချင်းတကယ် ပေါက်မြောက်ပြီး နိုင်ငံတော်နှင့် နိုင်ငံပညာရေးအတွက် ရပ်တည်ပြီး တန်ဖိုးမြှင့် ပေးလိုသူများ ဖြစ်ရမည်။ မိမိ အလုပ်အပေါ် ရိုသေလေးစားပြီး စိတ်ပါဝင်စားမှု ရှိရမည်။ ထိုအချက်များ ပြည့်စုံပါက ကျနော်တို့ မြန်မာနိုင်ငံ ပညာရေးကြီး ပြန်လည် ဦးမော့ လာပြီး လူကြီး၊လူငယ်အားလုံးကလည်း ယုံကြည်လေးစားခြင်းကို ခံရမည်ဖြစ်သည်။ ဆိုးရွားသည်မှာ ယခုခေတ်လူငယ်များက တက္ကသိုလ်ဝင်တန်းကို ကပ်ပြီး (သို့) မော်ရေးရှင်း ဖြင့် အောင်ကြသည်။ ဘယ်မှ မလိုက်နိုင်သောအခါ ရည်မှန်းချက်လည်း မရှိ၊ စိတ်ဝင်စားမှုလည်း မရှိသော်လည်း ပညာရေး တက္ကသိုလ်များ၊ ပညာရေး ကောလိပ်များသို့ တက်ရောက်ကြသည်။ ကျောင်းတွင် လိန်ဖယ်လိန်ဖယ်နှင့် စိတ်ကမပါ၊ စိတ်ဝင်စားမှုကလည်း မရှိသောကြောင့် ဖြစ်သလိုနှင့် ကျောင်းဆင်းကြ၏ (ကျောင်းသားတိုင်းကို မဆိုလိုပါ)။ ၎င်းတို့ စဉ်းစားသည်မှာလည်း အမှားမရှိပေ။ (၂)နှစ်တက်ပြီး ဆရာဖြစ်မည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ရပ်ကွက်ထဲမှာ ရွယ်တူများ ဝေလေလေဖြစ်နေချိန်တွင် အလုပ်တစ်ခု ကိုယ့်မှာ ရှိနေမည်။ မှန်ပါသည်။ ကာယကံရှင်အတွက် အင်မတန် ကောင်းသော ပလန် ဖြစ်ပါသည်။ သို့သော် နိုင်ငံ့ပညာရေး အတွက် ရင်လေးစရာကောင်းပေသည်။ အရည်အချင်းမရှိသောဆရာများ၊ ခံယူချက်မရှိသော ဆရာများက ကျောင်းသားများများကို ဘာတွေပြောပြပြီး ဘာတွေ သင်ပေးမည်နည်း??။ စိတ်ဝင်စားဖို့ ကောင်းလှသည်။

ကျနော် ကျေးရွာတစ်ရွာရှိ မူလတန်းကျောင်းသို့ သွားရောက်ခဲ့သည်။ ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး အပါအ၀င် ဆရာမ (၆) ဦးနှင့် နာနတ်သီးစားရင်း ဆရာများ ရုံးခန်းဟု ယူဆရသော အခန်းတွင် စကားပြောနေကြသည်။ စာသင်ခန်းတွင် ကလေးများအသံ ဆူညံ့နေသည် (စာအံ သံတော့မဟုတ်)။ ခဏနေတော့ ကျောင်းသားတစ်ဦး လာတိုင်သောကြောင့် ဆရာမတစ်ဦး ထန်းပလက်ပြား တစ်ချောင်းနှင့် လိုက်သွားသည်။ ကျနော်လည်း အချိန်မရသဖြင့် နည်းနည်းပါးပါးမေးမြန်းကာ ပြန်လာခဲ့သည်။

မန္တလေးတက္ကသိုလ်မှ ပီအိပ်ခ်ျဒီဘွဲ့ရရှိပြီး ဆရာတစ်ဦးနှင့် ဆွေးနွေးဖြစ်သည်။ ဆရာ၏ စိတ်ဓာတ်ကတော့ ကျနော့်စိတ်နှင့် ၈၀% တူသည်။ သို့သော် ဆရာ့ကို ကျနော် မြန်မာ့ ပညာရေးနှင့် ပက်သက်သည့် အားမရသော အချက်များကို ပြောပြသည်။ ကျနော်တို့ ဥရောပမှာ ဆရာတစ်ယောက်အနေဖြင့် တပည့်တစ်ယောက်ကို ပညာတစ်ခုကို တက်ကျွမ်းအောင် သင်ပေးခြင်းမရှိကြောင်း၊ ပညာတစ်ခုကို တက်ကျွမ်းစေရန် နည်းလမ်းများကိုသာ သင်ပေးကြောင်း၊ သွားရောက်ပြသလျှင် ကျောင်းသားမှားနေပါက အမှန်ကို ပြင်မပေးကြောင်း၊ မှားနေတယ် တစ်ကြိမ်ကြိုးစားကြည့်အုံး ဆိုပြီး ပြန်လွတ်လိုက်ကြောင်း၊ အားလုံး ကိုယ့်အားကိုယ်ကိုး လုပ်ရကြောင်း၊ ထို့ကြောင့် ကျောင်းသားများမှာ တကယ်ပညာ အပြည့်အ၀တတ်ကြောင်း၊ ခံယူချက်နှင့် ယုံကြည်ချက်များလည်း ပိုမိုတိုးပွားပြီး ပိုမို စာဖတ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပညာရေးကို ထိုကဲ့သို့ ဖြစ်စေချင်ကြောင်း ကျနော့် အတွေ့အကြုံနှင့် ယှဉ်၍ ပြောပြသည်။ သို့သော် ဆရာက ပြုံးပြီး ”အဲ့လိုသာလုပ်လို့ကတော့ ကျောင်းသား တစ်ယောက်မှတောင် ကျန်မှာ မဟုတ်ဘူး၊ တခြားမပြောနဲ့ အခုစူပါဗိုက် ဆာပေးနေတဲ့ မာစတာ တက်နေတဲ့ တပည့်နှစ်ယောက်တောင် ချော့သင်နေရတာ” ဟု ပြန်ဖြေခဲ့သည်။ ကျနော် တော်တော် စိတ်ပျက်သွားသည်။ မသိတဲ့ လူတွေကလည်း မသိလို့ လုပ်ကြသည်။ သိတဲ့လူတွေကလည်း အခြေအနေအရ ရေလိုက်ငါးလိုက်နေနေရသည်။ ကြာလျှင် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ရတော့မည်။ ကျနော်လည်း ရောက်တဲ့အရပ်မှာ မြန်မာ့ ပညာရေးက ကမ္ဘာမှာ တစ်ချိန်က မည်သို့နေရာယူခဲ့ကြောင်း၊ ယခုကဲ့သို့ ပညာခေတ် (Knowledge Age) ကြီးတွင် ပညာတက်မှ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်မည် ဖြစ်ကြောင်း၊ ယနေ့ ကမ္ဘာတစ်ဝှမ်း ခေတ်စားနေသော သတင်းနှင့် ပြန်ကြားရေးနည်းပညာ (IT) ၊ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးနည်းပညာ (IWT)၊ အီလက်ထရောနစ် ပညာရေး (e-Education) တို့အပေါ် ကောင်းစွာ နားလည် သဘောပေါက်စေရန် ကြိုးစားသင့်ကြောင်း၊ လူအများအပြားကို အတိုက်အခံလုပ်၍ ပြောပြလျှက် ရှိပေသည်။ သို့သော် တစ်ရွာလုံးနှင့် တစ်ယောက်တည်း ဖြစ်သောကြောင့် ခရီးရောက်မှုမှာ အလွန် နှေးကွးလှသည်။ သို့သော် ကျနော် ဆက်လက် ကြိုးစားနေပါဦးမည်။



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com