ဓမ္မ အသိပညာ
Posted by ADMIN in ဘာသာရေး
- ဘယ်လိုပုဂ္ဂိုလ်ဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ။ အားထုတ်ခွင့်ကြုံတုန်း အားထုတ်ကြ၊ သာသနာ ပျက်ပြီဆိုတော့ ၀ိပသာနာနဲ့ တွေ့ရတာမဟုတ်ဘူး။ ဒီတော့ပိုနစ်နာတယ်။
- တရားအားထုတ်ဖို့တော့မအားဘူး။ မအားဘူးလို့ပြောကြတယ်။ သေချိန်ကျလာလို့ မသေချင် သေးဘူးလို့ ပြောလို့ရတာမဟုတ်ဘူး။ မအားဘူးလို့ပြောလို့ရတာမဟုတ် ဘူး။
- တရားအားထုတ်တယ်ဆိုတာ အားနဲ့မာန်နဲ့ထုတ်ရတယ်။ မသေချာမရေ ရာ ဘူးလို့ပြောလို့ ရတဲ့အလုပ်တွေတောင်မှ ဟုတ်နိုးနိုးနဲ့ သက်စွန့်စံဖျားလုပ်နေရတာပဲ။ သေချာ ရေရာတဲ့အလုပ် ဘာပဲလုပ်စရာရှိလဲ။ ဆင်းရဲတစ်ဘ၀ပေါ့။ တစ်ဘ၀တောင်မှ ခဏလေးပါ။
- ထိတိုင်း ထိတိုင်းသိနေပါစေ။ ကိလေသာကြားမခိုစေနဲ့။
- တရားအားထုတ်တယ်ဆိုတာ ထမင်းစားသလိုပဲ။ မဆာလည်းစား၊ ဆာလည်းစား။ စားကောင်း လိမ့်မယ်ထင်ပေမယ့် တကယ်စားတော့ မြိန်ချင်မှမြိန်တာ။ မကောင်းဘူးထင်လို့လဲ တကယ်စားတော့မြိန်ချင်မြိန်တာ။ ဒီတော့မထုတ်ချင်လည်း ထုတ်၊ ထုတ်ချင်လည်းထုတ်ပေါ့။
- ၀ိပသာနာ တရားအားထုတ်ရတာ အလွန်ကောင်းပါတယ်။ အ၀တ်လဲပြောင်းစရာမလိုဘူး။ ဂူထဲ အောင်းစရာ မလိုဘူး။ ပုထုဇဉ်စရိုက်မူပြောင်းဖို့လိုတယ်။
- ကိုယ့်ခန္ဓာကိုယ် ရူနေတော့ အမူ ပွေတာပေါ့။
- မိမိခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းခံရူမှတ်နိုင်မှ ပတ်ဝန်းကျင်ရဲ့ လောကဓံကိုလဲ ခံနိုင် ရည်ရှိမှာပဲ။
- တရားအားထုတ်တဲ့အခါ ကိလေသာ ကြာမခိုအောင် နှာသီးဝလေကို ထိတိုင်းသိနေပါစေ။ ထိတဲ့ပေါ် သတိထား၊ သတိထားရင် တရားမြင်မယ်၊ သတိမထားရင်အမှားဝင်မယ်။
- အရိယာသူတော်ကောင်းတို့ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ် ဒီသုံးဦးနဲ့ပဲ အဖော်ပြုနေ တာပါ။ သူတို့မှာ ပျင်းတယ် မရှိပါဘူး။
- လူ၏သာဓုခေါ်၊ နတ်သာဓုခေါ်လောက်နဲ့ ကျေနပ် တင်းတိမ်မနေကြနဲ့။ ဘုရား၊ ရဟန္တာ အရိယာ ပုဂ္ဂိုလ်တွေ ချီးမွမ်းတဲ့ထိ ဖြစ်ပါစေ။
- ပထမတော့ တရားကိုလူကဦးဆောင်တယ်။ နောက်တော့ တရားကလူကိုဦးဆောင်တယ်။ အဒီအချိန်မှာ လူက တရားနောက် လိုက်ဖို့လိုတယ်။
- ခန္ဓာကတော့သူ့တရားသူပြနေတာပဲ။ လောဘ၊ ဒေါသ၊ မောဟဖုံးနေတော့ ဘာမှမသိလိုက် ရဘူး။
- အားကိုးမမှားစေနဲ့၊မိမိကိုယ်ကိုအားကိုးရမယ်။
- ဘာမဆို အတွင်းက အေးနေအောင်လုပ်ရတယ်။ အပြင်က ဘယ်လောက်ပူပူ အတွင်းကအေးနေတော့ အေးတာပဲ။ အပြင်က ဘယ်လောက်အေးအေး အတွင်းကပူတော့ပူတာပဲ။
- တရားနှင့်အိပ်စက်ခြင်း၊ တရားနှင့်နိုးထခြင်း၊ တရားနှင့်မွေ့လျော်ခြင်း၊ ဒါ အပ္ပမာဒတရားပဲ။
- လောကီချမ်းသာက တစ်ဘ၀တစ်နပ်စာ။ လောကုတ္တရာ ချမ်းသာမှ တစ်သံသရာလုံး အေးတာ။ တစ်ဘ၀တစ်နပ်စာလုပ်နဲ့။ တစ်ဘ၀သံသရာစာလုပ်ကြ။
- မကောင်းတာလုပ်တာသာ ကြောက်ရမှာ။ ကောင်းတာလုပ်တာ ကြောက်စရာမလိုဘူး။ မကောင်းတာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာလုပ်တာ ဘာမရဲစရာရှိသလဲ။
- မဟုတ်လည်းသည်းခံ၊ ဟုတ်လည်းသည်းခံရမှာပဲ။ ခံရမည့်အတူတူတော့ အခုကတည်းက ခံလိုက်တော့ သံသရာပြတ်တာပေါ့။
- လောဘ၊ ဒေါသ၊ မောဟ ကင်းအောင်ပြတ်အောင် လုပ်ကြ။ ဖြစ်အောင်လည်း မလုပ်နဲ့၊ ပျက်အောင်လည်း မလုပ်နဲ့။ ဖြစ်အောင်လုပ်တာ လောဘ၊ ပျက်အောင်လုပ်တာက ဒေါသ။ ဖြစ်တာပျက်တာ မသိတာက မောဟ။
- စိတ်ကဖြတ်လို့ ပြတ်တာမဟုတ်ဘူး။ တရားကဖြတ်မှပြတ်တာ။ တရားရှိအောင် အားထုတ် ကြ။ တရားရှိတော့ တရားကပဲ ဖြတ်ပေးတယ်။ ပြတ်ပေးတယ်။ ပယ်ပေးတယ်။
- အမြတ်ကမရူံးစေနဲ့၊ အရူံးကသာမြတ်ပါစေ။ အကုသိုလ်က ကုသိုလ်ဖြစ်ပါစေ။ ကုသိုလ်က အကုသိုလ်မဖြစ်စေနဲ့။
- ပုထုဇဉ်တွေ မကောင်းတာလုပ်တာများ အဆန်းလုပ်မနေနဲ့။ အခုလည်း မကောင်းတာလုပ်နေသလို နောင်လည်း မကောင်းတာလုပ်နေဦးမှာပဲ။ သူတို့မကောင်းတာ ကိုယ်နဲ့ ဘာဆိုင်သလဲ။ ကိုယ့်တရား ကိုယ်ရူဖို့ပဲ လိုတယ်။
- ဘုရားစကား နားလည်အောင်လုပ်၊ ဘုရားစကားနားလည်ရင် လောကစကားတွေအားလုံး နားလည်တယ်။
- နိဗ္ဗာန်မဂ်ဖိုရလိုကြောင်း ဆုတောင်းခဲ့တာများပြီ။ ၀ိဇ္ဇာဥာဏ်မပါ၊ ဓမ္မတာတောင်းမို့၊ အာညောင်းရုံပဲ မောဖတ်တင်မည်။ ဒါနပြုကာအခါခါတောင်းလဲ၊ ငါကောင်းချင်မှုခုခံနေသည်။ ငါတစ်လုံးပယ်ကာ၊ ကွယ်ကာပေးမှ လွန်စွာမနှေးနိဗ္ဗာန်မြင်မည်။
(ဆားတောင်ဆရာတော် ဘဒ္ဒန္တ ပညာဏိက)