မြန်မာနိုင်ငံ ပညာရေး နှင့် ပက်သက်၍
Posted by ADMIN in လူငယ်၊ ပညာရေး နှင့် မြန်မာနိုင်ငံ, အမှတ်တရ
လူ့အဖွဲ့အစည်းတစ်ခု၏ အဆင့်အတန်းကို နိုင်ငံတကာမှာ ပညာအရည်အချင်းနှင့် တိုင်းတာကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကတည်းက မြန်မာ့ပညာရေးသည် ကမ္ဘာ့နိုင်ငံများ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ကြရသည်။ မြန်မာနိုင်ငံသားတို့၏ ပညာအရည်အချင်းကိုလည်း လေးစားကြသည်။ ယနေ့ အချိန်ထိလည်း နိုင်ငံအတော်များများမှာ မြန်မာပညာရှင်အမြောက်အများ နေရာယူလျှက်ရှိသည်။ သို့သော် ယနေ့ခေတ် ကျောင်းသားလူငယ်များ၏ တက္ကသိုလ်အပေါ်ရှုမြင်ပုံနှင့် ပညာရေးနှင့် ပက်သက်သော ခံယူချက်မှာ အင်မတန် အံ့အားသင့်စရာကောင်းသည်။ ကျနော်တို့ အလယ်တန်းကျောင်းသားဘ၀၊ အထက်တန်းကျောင်းသားဘ၀ ကတည်းက တက္ကသိုလ် ဟူသော စကားကို အလွန် မက်မောသည်။ ခန်းနားသည်။ ကြီးကျယ်သည်။ တက္ကသိုလ်တက်ဖို့ အိပ်မက်ပေါင်းများစွာ မက်ခဲ့ရသည်။ တက္ကသိုလ်တက်လိုစိတ်မှာ လူငယ်တိုင်းစိတ်တွင် ပြင်းပြင်းထန်ထန် နေရာယူ စိုးမိုးထားသည်။ တက္ကသိုလ်ကို အထင်ကြီးသည်။ တက္ကသိုလ်မှ သင်ကြားပေးမည့်ပညာရေးကို လေးစားသည်။ တန်ဖိုးထားသည်။
ယခု ကျနော် ပြန်ရောက်ချိန် တွင် ကျောင်းသား လူငယ်များ၏ တက္ကသိုလ်အပေါ် ရှုမြင်ပုံမှာ ကျနော်တို့ တုန်းကနှင့် လုံးဝ လုံးဝ (လုံးဝ) ဆန့်ကျင်ဘက်ဖြစ်နေသည်။ ”တက္ကသိုလ်လား ဘာလုပ်ဖို့တက်မှာတုန်း၊ တက္ကသိုလ်တက်တော့ ဘာလုပ်လို့ရမှာတုန်း၊ ဘွဲ့မရတော့ရော ဘာဖြစ်တုန်း” ဟူသော စကားများကို နားနှင့် မဆံ့အောင်ကြားခဲ့ရသည်။ အရင်က အိမ်ဦးခန်းတွေမှာ ချိတ်ထားသော ဘွဲ့ဓာတ်ပုံများ ကုတင်ကြားသို့ ရောက်ကုန်ကြပြီ။ ဘွဲ့ဓာတ်ပုံချိတ်ထားသည်ကို တွေ့လို့လည်း အသိအမှတ်ပြုမှု မရှိကြတော့။
ကလေးတွေ စိတ်ထဲမှာ ထိုသို့သော တက္ကသိုလ်ကို အထင်မကြီးစိတ်၊ တက္ကသိုလ်မှပေးသောဘွဲ့ကို တန်ဖိုးမထားစိတ်များ ဖြစ်ရခြင်းမှာ နံပတ်(၁) လူကြီးမိဘ များအပေါ်မူတည်သည်။ (၂) ပက်ဝန်းကျင်အပေါ်မူတည်သည်။ ထိုအတွေးများ ၀င်လာသည်နှင့် လူကြီးများက တားမြစ်ရမည်၊ အမြင်မှန်ရအောင် ပြသရမည်။ သို့သော် စိတ်မကောင်းစရာ တစ်ခုမှာ လူကြီးများကိုယ်တိုင်က ထိုအတွေးများဝင်ကာ ကလေးများကို ရိုက်သွင်းနေကြသည်။
ပညာရေးကို အထင်မကြီးသည့်စိတ်များ၊ တက္ကသိုလ်ကို အထင်သေးသည့်စိတ်များ၊ တက္ကသိုလ်မှ ပေးသော ဘွဲ့များကို တန်ဖိုးမထားသောစိတ်များက နိုင်ငံတစ်နိုင်ငံရှိ လူငယ်များစိတ်ထဲ စိုးမိုးသွားခြင်းသည် ကာယကံရှင်နိုင်ငံ၏ ကံဆိုးခြင်း လမ်းစပင်ဖြစ်သည်။ နိုင်ငံကြီးတစ်ခုလုံး ကံဆိုးမိုးမှောင်ကြသွားလိမ့်မည်။ မည်သူ မည်ဝါ၏ အားနည်းချက်ဟူ၍ ကျနော် အသေအချာမသုံးသပ်မိသော်လည်း နိုင်ငံသားအားလုံးမှာ တာဝန်အပြည့် ရှိပေသည်။ အထူးသဖြင့် ပညာတက်လူငယ်များက အများကြီး ပြောပြသင့်သည်။ ပညာတတ်လူကြီးများကိုတော့ အားကိုးရန် ခက်ခဲသည်။ အဘယ့်ကြောင့်ဆိုသော် ဦးဖိုးကျားတို့ ခေတ်က စာမတက်လည်း ထမင်းစားလို့ ရတယ် ဟူသော စကားကို ပညာလုံးဝ မတတ်သော တောင်သူဦးကြီး၊ ဒေါ်ကြီးများက ပြောကြသော်လည်း ယနေ့အချိန်တွင် ပညာတတ်သော မြို့နေ လူကြီးများကပင် ထိုကဲ့သို့ ဆင်တူရိုးမှား စကားများကို အသုံးပြုနေသောကြောင့်ဖြစ်သည်။
နောက်ထပ် အများဆုံး တာဝန်ရှိသည်မှာ ဆရာ၊ ဆရာမ များပင် ဖြစ်သည်။ ဆရာ၊ ဆရာမ များဆိုရာတွင် မူလတည်းကြို ဆရာ၊ ဆရာမများမှ ပါမောက္ခချုပ်များ အထိ ပါဝင်သည်။ ဆရာ၊ ဆရာမ များမှ ကျောင်းသား၊ ကျောင်းသူများကို အမှန်တကယ် တတ်ကျွမ်းအောင် သင်ကြားပြသဖို့ လိုအပ်သည်။ မူလတည်းကတည်းက ကမ္ဘာကြီးကို ကြည့်တတ်စေရန် သင်ပေးရမည်။ ကမ္ဘာနှင့် ယှဉ်ယှဉ်ပြီး ပြောဆိုမှုများ ပြုလုပ်သင့်သည်။ အရေးအကြီးဆုံးမှာ မိမိတို့ကိုယ်တိုင် ပညာအရည်အချင်းတကယ် ပေါက်မြောက်ပြီး နိုင်ငံတော်နှင့် နိုင်ငံပညာရေးအတွက် ရပ်တည်ပြီး တန်ဖိုးမြှင့် ပေးလိုသူများ ဖြစ်ရမည်။ မိမိ အလုပ်အပေါ် ရိုသေလေးစားပြီး စိတ်ပါဝင်စားမှု ရှိရမည်။ ထိုအချက်များ ပြည့်စုံပါက ကျနော်တို့ မြန်မာနိုင်ငံ ပညာရေးကြီး ပြန်လည် ဦးမော့ လာပြီး လူကြီး၊လူငယ်အားလုံးကလည်း ယုံကြည်လေးစားခြင်းကို ခံရမည်ဖြစ်သည်။ ဆိုးရွားသည်မှာ ယခုခေတ်လူငယ်များက တက္ကသိုလ်ဝင်တန်းကို ကပ်ပြီး (သို့) မော်ရေးရှင်း ဖြင့် အောင်ကြသည်။ ဘယ်မှ မလိုက်နိုင်သောအခါ ရည်မှန်းချက်လည်း မရှိ၊ စိတ်ဝင်စားမှုလည်း မရှိသော်လည်း ပညာရေး တက္ကသိုလ်များ၊ ပညာရေး ကောလိပ်များသို့ တက်ရောက်ကြသည်။ ကျောင်းတွင် လိန်ဖယ်လိန်ဖယ်နှင့် စိတ်ကမပါ၊ စိတ်ဝင်စားမှုကလည်း မရှိသောကြောင့် ဖြစ်သလိုနှင့် ကျောင်းဆင်းကြ၏ (ကျောင်းသားတိုင်းကို မဆိုလိုပါ)။ ၎င်းတို့ စဉ်းစားသည်မှာလည်း အမှားမရှိပေ။ (၂)နှစ်တက်ပြီး ဆရာဖြစ်မည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ရပ်ကွက်ထဲမှာ ရွယ်တူများ ဝေလေလေဖြစ်နေချိန်တွင် အလုပ်တစ်ခု ကိုယ့်မှာ ရှိနေမည်။ မှန်ပါသည်။ ကာယကံရှင်အတွက် အင်မတန် ကောင်းသော ပလန် ဖြစ်ပါသည်။ သို့သော် နိုင်ငံ့ပညာရေး အတွက် ရင်လေးစရာကောင်းပေသည်။ အရည်အချင်းမရှိသောဆရာများ၊ ခံယူချက်မရှိသော ဆရာများက ကျောင်းသားများများကို ဘာတွေပြောပြပြီး ဘာတွေ သင်ပေးမည်နည်း??။ စိတ်ဝင်စားဖို့ ကောင်းလှသည်။
ကျနော် ကျေးရွာတစ်ရွာရှိ မူလတန်းကျောင်းသို့ သွားရောက်ခဲ့သည်။ ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး အပါအ၀င် ဆရာမ (၆) ဦးနှင့် နာနတ်သီးစားရင်း ဆရာများ ရုံးခန်းဟု ယူဆရသော အခန်းတွင် စကားပြောနေကြသည်။ စာသင်ခန်းတွင် ကလေးများအသံ ဆူညံ့နေသည် (စာအံ သံတော့မဟုတ်)။ ခဏနေတော့ ကျောင်းသားတစ်ဦး လာတိုင်သောကြောင့် ဆရာမတစ်ဦး ထန်းပလက်ပြား တစ်ချောင်းနှင့် လိုက်သွားသည်။ ကျနော်လည်း အချိန်မရသဖြင့် နည်းနည်းပါးပါးမေးမြန်းကာ ပြန်လာခဲ့သည်။
မန္တလေးတက္ကသိုလ်မှ ပီအိပ်ခ်ျဒီဘွဲ့ရရှိပြီး ဆရာတစ်ဦးနှင့် ဆွေးနွေးဖြစ်သည်။ ဆရာ၏ စိတ်ဓာတ်ကတော့ ကျနော့်စိတ်နှင့် ၈၀% တူသည်။ သို့သော် ဆရာ့ကို ကျနော် မြန်မာ့ ပညာရေးနှင့် ပက်သက်သည့် အားမရသော အချက်များကို ပြောပြသည်။ ကျနော်တို့ ဥရောပမှာ ဆရာတစ်ယောက်အနေဖြင့် တပည့်တစ်ယောက်ကို ပညာတစ်ခုကို တက်ကျွမ်းအောင် သင်ပေးခြင်းမရှိကြောင်း၊ ပညာတစ်ခုကို တက်ကျွမ်းစေရန် နည်းလမ်းများကိုသာ သင်ပေးကြောင်း၊ သွားရောက်ပြသလျှင် ကျောင်းသားမှားနေပါက အမှန်ကို ပြင်မပေးကြောင်း၊ မှားနေတယ် တစ်ကြိမ်ကြိုးစားကြည့်အုံး ဆိုပြီး ပြန်လွတ်လိုက်ကြောင်း၊ အားလုံး ကိုယ့်အားကိုယ်ကိုး လုပ်ရကြောင်း၊ ထို့ကြောင့် ကျောင်းသားများမှာ တကယ်ပညာ အပြည့်အ၀တတ်ကြောင်း၊ ခံယူချက်နှင့် ယုံကြည်ချက်များလည်း ပိုမိုတိုးပွားပြီး ပိုမို စာဖတ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပညာရေးကို ထိုကဲ့သို့ ဖြစ်စေချင်ကြောင်း ကျနော့် အတွေ့အကြုံနှင့် ယှဉ်၍ ပြောပြသည်။ သို့သော် ဆရာက ပြုံးပြီး ”အဲ့လိုသာလုပ်လို့ကတော့ ကျောင်းသား တစ်ယောက်မှတောင် ကျန်မှာ မဟုတ်ဘူး၊ တခြားမပြောနဲ့ အခုစူပါဗိုက် ဆာပေးနေတဲ့ မာစတာ တက်နေတဲ့ တပည့်နှစ်ယောက်တောင် ချော့သင်နေရတာ” ဟု ပြန်ဖြေခဲ့သည်။ ကျနော် တော်တော် စိတ်ပျက်သွားသည်။ မသိတဲ့ လူတွေကလည်း မသိလို့ လုပ်ကြသည်။ သိတဲ့လူတွေကလည်း အခြေအနေအရ ရေလိုက်ငါးလိုက်နေနေရသည်။ ကြာလျှင် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ရတော့မည်။ ကျနော်လည်း ရောက်တဲ့အရပ်မှာ မြန်မာ့ ပညာရေးက ကမ္ဘာမှာ တစ်ချိန်က မည်သို့နေရာယူခဲ့ကြောင်း၊ ယခုကဲ့သို့ ပညာခေတ် (Knowledge Age) ကြီးတွင် ပညာတက်မှ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်မည် ဖြစ်ကြောင်း၊ ယနေ့ ကမ္ဘာတစ်ဝှမ်း ခေတ်စားနေသော သတင်းနှင့် ပြန်ကြားရေးနည်းပညာ (IT) ၊ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးနည်းပညာ (IWT)၊ အီလက်ထရောနစ် ပညာရေး (e-Education) တို့အပေါ် ကောင်းစွာ နားလည် သဘောပေါက်စေရန် ကြိုးစားသင့်ကြောင်း၊ လူအများအပြားကို အတိုက်အခံလုပ်၍ ပြောပြလျှက် ရှိပေသည်။ သို့သော် တစ်ရွာလုံးနှင့် တစ်ယောက်တည်း ဖြစ်သောကြောင့် ခရီးရောက်မှုမှာ အလွန် နှေးကွးလှသည်။ သို့သော် ကျနော် ဆက်လက် ကြိုးစားနေပါဦးမည်။