အတွေးမှတ်စုများ (၈)
Posted by ADMIN in အတွေးမှတ်စုများ
- လူတစ်ယောက်နဲ့ ရန်ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သူနဲ့ တန်းတူဖြစ်အောင် အဆင့်နိမ့်လိုက်ခြင်း ဖြစ်သည်။
- ကိုယ့်စိတ်ကို သူများက ၀မ်းနည်းအောင်၊ ၀မ်းသာအောင် လုပ်လို့ရနေပြီဆိုရင်၊ ကိုယ်က သူ့လက်ခုတ်ထဲကရေ ဖြစ်သွားပြီ။
- သူတစ်ပါးမှာ အမှားတစ်ခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေရသလို သဘောထားပါ။
- ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့်ကျေးဇူးရှင်လို့ သဘောထားပါ။
- ကိုယ်က သူများကို အပြစ်တင် ရှုံ့ချနေတာဟာ သူဘယ်လိုလူလဲ ဆိုတာ မပေါ်လွင်ဘူး။ ကိုယ်ဘယ်လိုလူလဲ ဆိုတာ တော့ သေသေချာချာ ပေါ်လွင်သွားပြီ။
- သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲဒီအပြစ်မျိုး ကိုယ့်မှာရှာကြည့်ပါ။ ရှိနေတတ်ပါတယ်။ သူတစ်ပါးမှာ ကောင်းတာမြင်ရင်လည်း အဲဒီလို ကောင်းတာကော ငါ့မှာ မရှိဘူးလား။ ရှိရင်ကောင်းပါတယ်။ မရှိသေးရင် ရှိအောင်လုပ်ရမည်။
- ကိုယ်စိတ်ကို ကိုယ်သိတာဟာ လူ ကလွဲလို့ တခြား ဘယ်သတ္တ၀ါမှ မလုပ်နိုင်ပါဘူး။ ဒါဟာ လူသားရဲ့ ထူးခြားတဲ့ အရည်အချင်းပါ။ ဒီအလုပ်ကို မလုပ်သေးသ၍ လူ မပီသသေးသူ၊ အဆင့်မြင့်လူသား မဖြစ်သေးသူ ဖြစ်နေမှာပါ။
- သတိနဲ့ နေတာများလေလေ -> လူကြီးဆန်လေလေ၊ ရင့်ကျက်လေလေပါပဲ။
- ပစ္စုပ္ပန်ဟာ တန်ဖိုးအရှိဆုံးပါ။ အနာဂါတ်ကို မျှော်ပြီး ပစ္စုပ္ပန်ကို မဖြုန်းသင့်ပါ။
- ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူ၊ ကိုယ့်အလုပ်ကိုကိုယ် အတက်နိုင်ဆုံး ကောင်းအောင် လုပ်တဲ့သူဟာ သူ့ဟာသူ စိတ်ကျေနပ်မှု ရနေတယ်။ စိတ်ချမ်းသာနေတယ်။ ပျော်နေတယ်။ သူများချီးမွမ်းတာ အပေါ်မှာ မှီခိုမှု မရှိဘူး။ လွတ်လပ်နေတယ်။
- ပျော်ပျော်နေပါ။ ပေါ့ပေါ့တန်တန်မနေပါနဲ့။
- လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို သည်းမခံ ခွင့်မလွတ် နိုင်တဲ့သူတွေဟာ အဖေါ်မဲ့တတ်တယ်။ သူများအကြောင်း မကောင်း ပြောတတ်သူ တွေမှာလည်း အဖေါ်မဲ့ တတ်တယ်။
- ခွင့်လွတ်ခြင်း ဆိုသည်မှာ ပျော့ညံ့ခြင်းမဟုတ်၊ သတ္တိရှိခြင်းသာ။
- သူများကိုနိုင်ချင်တာ ကလေးဆန်တဲ့စိတ်၊ သူများကို အပြစ်ရှာချင်တာ မရင့်ကျက်တဲ့စိတ်။
- သင်ဘယ်လို လူလဲဆိုတာ သိချင်လျှင် သင့် ပတ်ဝန်းကျင်က လူတွေကို အကဲခတ်ပါ။ သင်နှင့် သင့်ပတ် ၀န်းကျင်က လူတွေရဲ့ ဆက်ဆံရေးဟာ သင့်ကိုသင် ဘယ်လိုလူလဲဆိုတာ ဖေါ်ပြနေပါတယ်။
- သူများကို ဘယ်လိုလူစား လို့ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစား လို့ပြောတာနဲ့ တူပါတယ်။
- တစ်ကိုယ်တည်း နေခြင်းဟာ လေးနက်တဲ့ အသိဥာဏ်ကို ဖြစ်ပေါ်စေတယ်။
- တစ်ကိုယ်တည်း စိတ်ချမ်းသာစွာ နေထိုင်နိုင်ခြင်း၊ အများနှင့် အဆင်ပြေပြေ နေနိုင်ခြင်း သည် မြင့်မားသော စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဖြစ်သည်။
(ဆရာတော် ဦးဇောတိက)